ထိုင်းနိုင်ငံ၏ မေလတင်ပို့မှုပမာဏ ၇.၂ ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

     ထိုင်းနိုင်ငံ၏ မေလတွင် ပြည်ပသို့တင်ပို့မှုပမာဏမှာ လွန်ခဲ့သည့်နှစ် မေလကထက် ၇.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ၁၄ လအတွင်း အမြင့်ဆုံးဖြစ်ကာ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်မှုက ယခုလိုမြင့်တက်လာရသည့် အဓိကအကြောင်းအရင်းဖြစ်စေကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ညွှန်ကြားရေးမှူးချုပ် Poonpang Naiyanapakorn က မေလတွင် ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုပမာဏမှာ အမေရိကန်‌ဒေါ်လာ ၂၆.၂ ဘီလီယံရှိကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း ပြန်လည်နာလန်ထူလာကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ရွှေ၊ ရေနံနှင့်ဆက်စပ်ပစ္စည်း၊ စစ်လက်နက်မျိုးစုံ စသည်တို့ရောင်းချရမှုမှာ ၆.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။  ထိုင်းနိုင်ငံ ၏ ၂၀၂၄ ခုနှစ်ပထမ(၅)လတွင် ပြည်ပသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံရှိပြီး လွန်ခဲ့ သည့်နှစ် တူညီသည့်ကာလထက် ၂.၆ ရာခိုင်နှုန်း မြင့်တက်လာကာ တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆ ဘီလီယံဖြင့် ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၅.၄၆ ဘီလီယံပြနေကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ၏ မေလအတွင်း စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလကထက် ၁၉.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ (လတ်ဆတ်သော၊ အအေးခံထားသော၊ အေးခဲထား သော၊ အခြောက်ခံထားသော) သစ်သီးများတင်ပို့မှုမှာ ၁၂၈ ရာခိုင်နှုန်း၊ တိရစ္ဆာန်အဆီနှင့် ဟင်းသီးဟင်းရွက်ဆီတင်ပို့မှုမှာ ၉၅.၇ ရာခိုင်နှုန်း၊ ရာဘာတင်ပို့မှုမှာ ၄၆.၆ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာတင်ပို့ မှုမှာ ၃၉.၂ ရာခိုင်နှုန်း၊ နို့နှင့်နို့ထွက်ပစ္စည်းတင်ပို့မှုမှာ ၁၆.၇ ရာခိုင်နှုန်း၊ ပြုပြင်ထားသောကြက်သားတင်ပို့မှုမှာ ၁၀.၂ ရာခိုင်နှုန်း၊ စည်သွပ်သစ်သီးဗူးများတင်ပို့မှုမှာ ၈.၈ ရာခိုင်နှုန်းနှင့် ဆော့အချဉ်ရည် တင်ပို့မှုမှာ ၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာကြောင်း သိရှိရပါသည်။ သို့သော် သကြားတင်ပို့မှုမှာ ၄၆.၁ ရာခိုင်နှုန်း၊ ပီလောပီနံထုတ်ကုန်များတင်ပို့မှုမှာ ၁၆.၂ ရာခိုင်နှုန်း၊ ဆန်တင်ပို့မှုမှာ ၄.၅ ရာခိုင် နှုန်းနှင့် ပင်လယ်စာစည်သွပ်ဗူးများတင်ပို့မှုမှာ ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)