အထက်မင်းလှမြို့နယ်၌ ဝါသီးနှံများစတင်ထွက်ပေါ်၍ ဈေးကောင်းရလျက်ရှိ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ကုန်းကြီး၊ ဂျင်ရဲမြောင်(စံပြ)၊ ဇီးတော၊ ဘွဲ့ စသည့်ကျေးရွာများတွင် ဝါသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး  ဇီးတော ကျေးရွာ၌ ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် ဝါစိုက်ဧက(၁၀)ဧကခန့် စိုက်ပျိုးခဲ့ပြီး ယခု၂၀၂၅ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရသည်။

          ဝါသီးနှံများ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး  သီးသန့်စိုက်ပျိုးခြင်းကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဩဂုတ်လတွင် စတင်စိုက်ပျိုးကြပြီး မျိုးများအနေဖြင့် ဒေသမျိုး ငွေချည်-၉၊ ငွေချည်-၆နှင့် ၆၆၆ စသည့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ဝါသီးနှံ တစ်ဧကလျှင် မျိုးစေ့ ၉ ပိဿာခန့် စိုက်ပျိုးရပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကတွင် ပိဿာချိန် ၃၅၀ ခန့် ထွက်ရှိပြီး ယခုနှစ်တွင်မူ (၁)ဧကလျှင် ပိဿာချိန်(၅၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဝါသီးနှံပေါ်စအချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)တွင် ဝါတစ်ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ်(၁၇)သိန်းခန့် ရရှိကြောင်း သိရသည်။

          ဈေးကွက်အနေဖြင့် ဝါသီးနှံများကို မင်းလှမြို့ပေါ်ရှိ ဝါသီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊  ဝါသီးနှံသည် စိုက်ပျိုးရန်လွယ်ကူပြီး မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကာ မိုးကောင်းသောနှစ်များတွင် အထွက်နှုန်းပိုမိုထွက်ရှိကြောင်း၊ ယခုနှစ်တွင်မူ ယခင်နှစ်ကထက် ဝါအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းလည်းရရှိသောကြောင့် ဝါစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)