အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းအပေါ် အဓိကထားရန် အင်ဒိုနီးရှား MSME လုပ်ငန်းများအား ဝန်ကြီးတိုက်တွန်း

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံသမဝါယမနှင့် MSME ဝန်ကြီး Maman Abdurrahman ကနိုင်ငံ၏ အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှုမှာ ယှဉ်ပြိုင်နိုင်စွမ်း အရှိန်မြှင့်တင်ရန်အတွက် ထုတ်ကုန်အရည်အသွေးတိုးတက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက MSME လုပ်ငန်းများသည် ဆန်းသစ်တီထွင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူလူထုကိုလည်း MSME ထုတ်ကုန်များ အားနေ့စဉ်ဘဝတွင်ဦးစားပေးအသုံးပြုရန်တိုက်တွန်းကြောင်း၊ ၎င်းသည် ရွေးချယ်မှုတစ်ခုသာမက နိုင်ငံတော်စီးပွားရေးအားကောင်းရန်အတွက် တာဝန်ယူခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ Maman ၏ပြောကြားချက်အရ MSME လုပ်ငန်းများသည် ဘဏ္ဍာငွေရရှိမှုအကန့်အသတ်ရှိခြင်း၊ ဈေးကွက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုရန်စိတ်အားထက်သန်မှုနည်းပါး ခြင်းတို့ပါဝင်သော စိန်ခေါ်မှုများရှိနေကြောင်း သိရပါသည်။ နိုင်ငံပိုင်လုပ်ငန်းများပါဝင်သည့် ကော်ပိုရေးရှင်းများကကြီးမှူးကျင်းပသည့်ကုန်စည်ပြပွဲများသည် MSME လုပ်ငန်းများ ဈေးကွက်တိုးချဲ့ရန်အတွက် အရေးပါ‌သောအရောင်းမြှင့်တင်မှုစင်မြင့်များဖြစ်ကြောင်း သိရပါသည်။  ဥပမာ တစ်ခုအနေဖြင့်ဆိုပါက အင်ဒိုနီးရှားနိုင်ငံပိုင် PT Pertamina ၏ Corporate Social and Environmental Responsibility ပရိုဂရမ်အောက်တွင်ကျင်းပခဲ့သည့် SMEXPO သည် MSME လုပ်ငန်းများအား အင်ဒိုနီးရှား၏လူထုဗဟိုပြုစီးပွားရေး၏ ကျောရိုးတစ်ခုအဖြစ်ပံ့ပိုးပေးကြောင်း သိရပါသည်။ Maman က SMEXPO မှတစ်ဆင့် Pertamina သည် သောင်းနှင့်ချီသော MSME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ ဈေးကွက်လမ်းကြောင်းတိုးချဲ့ခြင်းနှင့် ပြည်တွင်း ထုတ်ကုန်များအား နိုင်ငံတွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ကူညီပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Pertamina ၏ ဥက္ကဌ Simon Aloysius Mantiri ကအခမ်း အနားသည် MSME လုပ်ငန်းများအား ကမ္ဘာလုံးဆိုင်ရာဝယ်ယူသူများနှင့် ချိတ်ဆက်ပေးခဲ့ပြီး စီးပွားရေးကွန်ယက်အသစ်များနှင့် ပို့ကုန်အခွင့်အလမ်းများကို ဖန်တီးပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)