
တရုတ်နိုင်ငံ၏ စားသုံးသူကုန်ပစ္စည်း လက်လီရောင်းချမှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လအတွင်း ယခင်နှစ် အလားတူကာလထက် ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ယွမ် ၄၅.၆၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၄၅ ထရီလီယံခန့်) ရှိကြောင်း အမျိုးသားစာရင်းအင်းဌာန (NBS) ၏ ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း မြို့ပြဧရိယာများရှိ စားသုံးသူကုန်ပစ္စည်း လက်လီရောင်းချမှုသည် ယခင်နှစ် အလားတူကာလထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကျေးလက်ဒေသများတွင်မူ ယခင် နှစ် အလားတူကာလထက် ၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များက ပြသခဲ့သည်။
ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကုန်ပစ္စည်းများ၏ အွန်လိုင်းလက်လီရောင်းချမှုသည် ပိုမိုမြန် ဆန်သောအရှိန်ဖြင့် တိုးတက်လာခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၅.၇ ရာခိုင်နှုန်း မြင့်တက်ကာ ၁၁.၈၂ ထရီလီယံယွမ်နီးပါးအထိ ရောက်ရှိခဲ့ကြောင်း၊ ယင်းပမာဏသည် နိုင်ငံ၏ စုစုပေါင်းစားသုံးသူကုန်ပစ္စည်းလက်လီရောင်းချမှု၏ လေးပုံတစ်ပုံကျော်ကို ကိုယ်စားပြုကြောင်း အချက်အလက်များက ဖော်ပြသည်။
နိုဝင်ဘာလတစ်ခုတည်းတွင် စားသုံးသူကုန်ပစ္စည်းလက်လီရောင်းချမှုသည် ယခင်နှစ် အလား တူကာလထက် ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပေကျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမျိုးသားစာရင်းအင်းဌာန (NBS) ပြောရေး ဆိုခွင့်ရှိသူ Fu Linghui က နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ စျေးကွက်ရောင်းချမှုပမာဏ ပိုမို ချဲ့ထွင်ခဲ့ပြီး ဝန်ဆောင်မှုလက်လီ ရောင်းချမှု တိုးတက်မှုအရှိန် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လတာကာလအတွင်း ဝန်ဆောင်မှုလက်လီရောင်းချမှုသည် ယခင်နှစ်အလားတူကာလထက် ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဇန်နဝါရီ-အောက်တိုဘာကာလနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းသည် ၀.၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း အချက်အလက် များက ဖော်ပြသည်။ စားသုံးမှုဝယ်လိုအား မြင့်တက်လာပြီး အထူးသဖြင့် နိုင်ငံ၏ စားသုံးသူကုန်ပစ္စည်းလဲလှယ် ရေးအစီအစဉ်တွေကြောင့် အိမ်သုံးပစ္စည်းနဲ့ ဆက်သွယ်ရေးပစ္စည်းများ ရောင်းအားမှာ မြင့်တက်လာမည်ဟု Fu က ပြောကြားခဲ့သည်။
DOCA (ရန်ကုန်)
