၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်ခရီးသွားများ မြင့်တက်လာကြောင်း ကမ္ဘောဒီးယားသတင်းထုတ်ပြန်

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွား စုစုပေါင်း ၁.၁ သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၄၃.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ခရီးသွား ဝန်ကြီးဌာနက  ၂၅-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာ လအထိ နိုင်ငံတကာခရီးသွားစုစုပေါင်း ၅.၁၇ သန်း၏ ၂၁ ရာခိုင်နှုန်းသည် တရုတ်ခရီးသွားများ ဖြစ်ကြောင်း ဝန်ကြီးဌာန၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗီယက်နမ် နိုင်ငံပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ ဒုတိယအများဆုံး ဝင်ရောက်သည့်နိုင်ငံမှာ တရုတ် နိုင်ငံဖြစ်ကြောင်း အစီရင်ခံစာတွင် ထပ်လောင်းဖော်ပြထား သည်။ Pacific Asia ခရီးသွားအသင်း၊ ကမ္ဘောဒီးယားဌာနခွဲ၏ ဥက္ကဋ္ဌ Thornn Sinan က နိုင်ငံအတွင်းသို့ တရုတ်ခရီးသွားများ တိုးတက် လာခြင်းသည် ကမ္ဘောဒီးယား၏ ခရီးသွားဆွဲဆောင်မှုများအပေါ် တရုတ်ခရီးသွားများ၏ စိတ်ဝင် စားမှု မြင့်တက်လာခြင်းကို က ပြသနေကြောင်း ပြောကြားခဲ့သည်။ ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယား နည်းပညာနှင့်သိပ္ပံ တက္ကသိုလ်၏ တရုတ်-အာဆီယံလေ့လာရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က တရုတ်နိုင်ငံ၏ ပြည်ပခရီးသွားလုပ်ငန်း တဖြည်းဖြည်းပြန်လည် ကောင်း မွန်လာခြင်း၊ လေယာဉ်ခရီးစဉ်များ တိုးတက်ကောင်းမွန်လာခြင်းနှင့် ကမ္ဘောဒီးယား နိုင်ငံ၏ခရီး သွားလုပ်ငန်းဈေးကွက်များကို ကွဲပြားစေရန် ပြန်လည်တွန်းအားပေးခြင်းတို့ကြောင့် လာမည့်နှစ် များတွင် တရုတ်ခရီးသွားဧည့်သည်များ တဖြည်းဖြည်းမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)