၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နောင်တောင်းပရဟိတ တပ်ဦးကျောင်းနှင့် ကျောက်တန်းရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် “ နောင်တောင်းပရဟိတ တပ်ဦးကျောင်း” မှ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုစုပေါင်းအင်အား(၉၂၂)ဦးခန့် တက်ရောက်ခဲ့ကြပြီး “ကျောက်တန်းရွာ အခြေခံပညာအထက်တန်းကျောင်း”မှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုစုပေါင်း အင်အား(၃၅၆)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ အန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားအကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူအပေါ်ထိခိုက်နစ်နာပြီး စိတ်ကျေနပ်မှုများ မရှိပါက တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ ဖွင့်လှစ်ထားရှိပြီး စားသုံးသူများ၏ တိုင်ကြားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်မှုများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့်တိုင်ကြားမှုပုံစံများ အား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။