
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ် ဟဂ်ရာသီအတွက် ပြည်တွင်းထုတ် ဆန် ၂,၂၈၀ တန် ကို ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ တင်ပို့ရန်ပြင်ဆင်နေကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၎င်းအစီအစဉ်သည် ထောက်ပံ့ပို့ဆောင်ရေးကို ချောမွေ့စေရန်၊ ပြည်တွင်း လယ်သမားများကိုပံ့ပိုးရန်နှင့် အင်ဒိုနီးရှား ဟဂ်ဘုရားဖူးများ ဦးစားပေးနှစ်သက်သည့် အစားအသောက်အရသာနှင့် ကိုက်ညီစေရန် ရည်ရွယ်ကြောင်း သိရပါသည်။ အမျိုးသား အစားအစာ အေဂျင်စီအတွင်းရေးမှူးချုပ် Sarwo Edhy က အစိုးရဝန်ကြီးဌာနများ၏ သဘောတူညီချက် ရရှိပြီးနောက် အစိုးရပိုင်ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ Bulog ကို ဆန်တင်ပို့ရေး တာဝန်ပေးအပ် သွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းဆုံးဖြတ်ချက်သည် အစားအစာညှိနှိုင်းရေး ဝန်ကြီး Zulkifli Hasan ဦးဆောင်သည့် ဆွေးနွေးပွဲအပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Edhy ၏အဆိုအရ ၎င်းဆန်များကို အစားအစာထောက်ပံ့ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်အောက်ရှိ အစိုးရ အရန်ဆန်များကိုအသုံးပြုသွားမည်ဖြစ်ပြီး အင်ဒိုနီးရှား ဟဂ်ဘုရားဖူး ၂၀၅,၄၂၀ ဦး အတွက် အစားအသောက်အဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ လူတစ်ဦးလျှင် နေ့စဉ် ဆန်ချက်ပြုတ် စားသုံးမှုကို ၁၇၀ ဂရမ် ခန့် သတ်မှတ်ထားကြောင်း သိရပါသည်။ တင်ပို့မည့်ဆန်သည် ကျိုးပဲ့နှုန်း ၅ ရာခိုင်နှုန်းအောက်သာရှိသည့် အဆင့်မြင့်ဆန်အမျိုးအစားဖြစ်ပြီး အင်ဒိုနီးရှားအာဏာပိုင်များ ချမှတ်ထားသည့် အရည်အသွေးစံချိန်များနှင့် ကိုက်ညီကြောင်း Edhy က ပြောကြားခဲ့သည်။ အစားအစာညှိနှိုင်းရေးဝန်ကြီး Hasan က ပြည်တွင်းဆန် အသုံးပြုခြင်းသည် နိုင်ငံ၏ အစားအစာ ဖူလုံမှုကို ပြသခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များတွင် အင်ဒိုနီးရှား ဟဂ်ဘုရားဖူးများသည် ဗီယက်နမ်နှင့် ထိုင်းမှတင်သွင်းသည့် ဆန်များကို အသုံးပြုခဲ့ရကြောင်း ၎င်းတို့၏ဟဂ်ဘုရားဖူးများသည် နူးညံ့ပြီး အရသာနဲ့ ကိုက်ညီသည့် အင်ဒိုနီးရှားဆန်ကို ပိုမိုကြိုက်နှစ်သက်ကြောင်းနှင့် ထို့ကြောင့် ပြည်တွင်း လယ်သမားများထံမှဆန်ကိုသာ ဆော်ဒီကို တင်ပို့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bulog ဥက္ကဋ္ဌနှင့်ညွှန်ကြားရေးမှူးဖြစ်သူ Ahmad Rizal Ramdhani က ကုမ္ပဏီအနေဖြင့် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဆန်တင်ပို့မှု စတင်မည်ဖြစ်ပြီး ထပ်မံလိုအပ်လာနိုင်သည့် အခြေအနေကို ကြိုတင်စဉ်းစားကာ ဆန် ၃,၀၀၀ တန် အထိ ပြင်ဆင်ထားကြောင်းနှင့် ဆန်များကို အသစ်ရိတ်သိမ်းထားသည့် စပါးများမှ ထုတ်လုပ်မည်ဖြစ်ပြီး ယင်းမူဝါဒသည် အရေးပါသော အစားအစာများအတွက် ပြည်ပအပေါ် မမှီခိုလိုသည့် နိုင်ငံ၏ ဆန္ဒနှင့် ဂုဏ်သိက္ခာကို ဖော်ပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် အင်ဒိုနီးရှား၏ ပြည်တွင်းဆန် ဝယ်ယူစုဆောင်းမှု အရှိန်မြင့်တက်လာပြီး ဖေဖော်ဝါရီ ၈ ရက်အထိ Bulog က ပြည်တွင်းထုတ် ဆန် ၂၀၉,၃၀၀ တန် ကို ဝယ်ယူထားပြီး ယခင်နှစ်တူညီသည့်ကာလထက် ၄၄၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ၎င်းပမာဏသည် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှု နှစ်မျိုးလုံးကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သည့် ကုန်လက်ကျန်ကိုပံ့ပိုးပေးကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
