
BYD Song Ultra EV အလတ်စား crossover ကားသည် တရုတ်နိုင်ငံစျေးကွက်ထဲသို့ ယွမ် ၁၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၆,၀၅၀) နှင့် မကြာခင်တွင် စတင်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ ထိုကားသည် CLTC စံနှုန်းအရ တစ်ခါအားသွင်းရုံဖြင့် ကီလိုမီတာ ၇၁၀ အထိ မောင်းနှင်နိုင်မည်ဖြစ်ပြီး ၂၇၀ ကီလိုဝပ် (362 hp) အားရှိသော လျှပ်စစ်မော်တာတစ်လုံး ပါဝင်မည်ဖြစ်သည်။ ယခုကဲ့သို့ သိသာထင်ရှားသော စျေးနှုန်းပြင်ဆင်မှုသည် BYD Dynasty series ၏ အထွေထွေမန်နေဂျာ ပြောကြားခဲ့သည့် Song Ultra EV ကို တစ်လလျှင် အစီးရေ ၂၀,၀၀၀ ကျော် ရောင်းချရန် ရည်မှန်းချက်နှင့် ကိုက်ညီနေပါသည်။ ၎င်းသည် Song မော်ဒယ်လ်များထဲတွင် အကြီးဆုံးကားဖြစ်ပြီး BYD ၏ “God’s Eye” B (DiPilot 300) အဆင့်မြင့် မောင်းနှင်မှု အထောက် အကူပြုစနစ်ကို တပ်ဆင်ထားမည်ဖြစ်သည်။ BYD Song Ultra EV သည် အလျား ၄,၈၅၀ မီလီမီတာ၊ အနံ ၁,၉၁၀ မီလီမီတာနှင့် အမြင့် ၁,၆၇၀ မီလီမီတာ ရှိကာ Wheel base မှာ ၂,၈၄၀ မီလီမီတာ ဖြစ်သည်။ ကား၏ အသားတင်အလေး ချိန်မှာ ၁,၉၉၀ ကီလိုဂရမ်မှ ၂,၀၅၀ ကီလိုဂရမ် ကြား ရှိပါသည်။ အလျား ၄.၈ မီတာကျော် ရှည် လျားသော်လည်း ကားအမိုး လိုင်းမှာ နောက်သို့ ကျဆင်းသွားသည့် ပုံစံကြောင့် အတွင်းခန်းတွင် ထိုင်ခုံနှစ်တန်းသာ ပါဝင်ပါသည်။ ကား၏ ပြင်ပ ဒီဇိုင်းတွင် ကြွတက်နေသော Fender များ၊ ကိုယ်ထည်ထဲမြုပ်နေသော တံခါးလက်ကိုင်များ၊ အမိုးပေါ်တွင် LiDAR စင်ဆာတစ်ခုနှင့် လျှောဆင်းနေသော ရှေ့ဖုံး (Bonnet) ပုံစံတို့ကို တွေ့မြင်ရမည် ဖြစ်သည်။ Song Ultra EV တွင် လျှပ်စစ်မော်တာ တစ်လုံးတည်းကိုသာ အသုံးပြုထားပြီး အခြေခံ မော်ဒယ် (Entry-level) ၏ စွမ်းဆောင်ရည်မှာ ၂၄၀ ကီလိုဝပ် (၃၂၂ မြင်းကောင်ရေ) ရှိပါသည်။ ပိုမိုအားကောင်းသည့် မော်ဒယ်တွင်မူ ၂၇၀ ကီလိုဝပ် (၃၆၂ မြင်း ကောင်ရေ) အထိ စွမ်းဆောင် နိုင်ကြောင်းသိရသည်။ မိသားစုစီးကားအဖြစ် ရည်ရွယ်ထားသော ဤ SUV တွင် BYD ၏ လက် အောက်ခံ FinDreams မှ ထုတ်လုပ်သည့် ၇၅.၆ ကီလိုဝပ်နာရီ နှင့် ၈၂.၇ ကီလိုဝပ်နာရီ LFP ဘက်ထရီနှစ်မျိုးကို အသုံးပြုထားသည်။ ကား၏ CLTC မောင်းနှင်နိုင်မှု အကွာအဝေးမှာ ၆၂၀ ကီလို မီတာ နှင့် ၇၁၀ ကီလိုမီတာ အသီးသီးဖြစ်ပြီး အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ၂၁၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါသည်။ BYD Song သည် အစပိုင်းတွင် BYD အမှတ်တံဆိပ် အောက်မှ မော်ဒယ်တစ်ခုတည်းသာ ဖြစ်သော်လည်း ယခုအခါ Crossover အဖြစ်သို့ ပြောင်းလဲ လာခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် Song Pro DM-i၊ Song L EV နှင့် Song L DM-i တို့ ပါဝင်သည်။ နိုင်ငံတကာစျေးကွက်တွင် Sealion 6 နှင့် Seal U အမည်များဖြင့် ရောင်းချနေသော Song Plus SUV မှာမူ တရုတ်ပြည်တွင်းစျေးကွက်မှ မကြာသေးမီကပင် နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
Source : Carsnewchina
DOCA(ရန်ကုန်)
