
အင်ဒိုနီးရှားအစိုးရသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ရေထွက်ကုန်များ တင်ပို့နိုင်ရန်နှင့် ဟတ်ဂျ်ဘုရားဖူးများများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဗျူဟာမြောက်စီမံချက် များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန (KKP) ၏ အရည်အသွေးထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးအေဂျင်စီ အကြီးအကဲ Ishartini က အစားအစာရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Zulkifli Hasan မှ ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့တွင် ၎င်းတို့ဝန်ကြီးဌာနပါဝင်ထားပြီး ဟတ်ဂျ်နှင့် Umrah ဘုရားဖူးများ၏ လိုအပ်ချက်များကို အထူးအလေးပေးဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ဂျကာတာမြို့ တွင် ကြာသပတေးနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Ishartini က ဆော်ဒီ အစားအစာ နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (SFDA) နှင့် ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေပြီး အင်ဒိုနီးရှားမှ မွေးမြူထားသော ငါးများကို တင်ပို့ခွင့် လိုင်စင်ရရှိရန် ကြိုးပမ်းနေကြောင်း၊ တင်ပို့ခွင့်လိုင်စင် မရရှိသေးသော်လည်း လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီး SFDA က ချမှတ်ထားသော လိုအပ်ချက်များကိုလည်း အပြည့်အဝ ဖြည့်ဆည်းပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းအဖွဲ့၏ ကြိုးပမ်းမှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ မွေးမြူရေးငါးထွက်ကုန်များ ဆော်ဒီဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း Ishartin ကပြောကြားခဲ့ပါသည်။ KKP ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ငါးမွေးမြူရေးထွက်ကုန် စုစုပေါင်းထုတ်လုပ်မှုမှာ တန်ချိန် ၁၅.၇၅ သန်း ရှိခဲ့ကြောင်း သိရပါသည်။ ထိုထဲတွင် seaweed ၉.၈၅ သန်းတန်၊ တီလာပီးယား ၁.၅၆ သန်းတန်၊ catfish ၁.၁၅ သန်းတန်၊ milkfish ၇၉၈,၈၆၄ တန်၊ goldfish ၅၂၃,၇၉၆ တန်နှင့် pangasius ၃၈၁,၉၆၉ တန် ပါဝင်ကြောင်း သိရပါသည်။ ဟတ်ဂျ်နှင့် Umrah ရေးရာ ဝန်ကြီး Mohamad Irfan Yusuf သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော် (DPR) နှင့် အစည်းအဝေးအတွင်း အဆိုပါအစီအစဉ်ကို ပထမဆုံးအလေးပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းအစီအစဉ်မှာ ယခုနှစ် ဟတ်ဂျ်ရာသီအတွက် အင်ဒိုနီးရှား နိုင်ငံကထုတ်လုပ်သည့် ဆန်ကို ဆော်ဒီအာရေဗျသို့ တင်ပို့ခွင့် ရရှိခဲ့သည့် အောင်မြင်မှုနောက်ခံ ဖြင့် ဆက်လက်အကောင်အထည်ဖော်လာခြင်း ဖြစ်ကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)
