
အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် စားနပ်ရိက္ခာဖူလုံရေး၊ အစိမ်းရောင်စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ညဏ်ရည်တု (AI) နည်းပညာသုတေသနနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍတို့တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရန် သဘောတူညီခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး Brian Yuliarto သည် မလေးရှားနိုင်ငံ အဆင့်မြင့် ပညာရေးဝန်ကြီး Zambry Abdul Kadir နှင့် အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံစဉ်အတွင်း အဆိုပါ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရာတွင် နှစ်နိုင်ငံလုံး၏ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုများကို အားကောင်းလာစေရန်အတွက် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဝန်ကြီး Yuliarto က ဖေဖော် ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့သည်။ နှစ်နိုင်ငံမှ ပညာရှင်များ၊ သုတေသီများနှင့် တက္ကသိုလ်များအကြား ပိုမိုနီးကပ်သော ပေါင်းစပ်ညှိနှိုင်းမှုများသည် သုတေသနရလဒ်များကို ပြည်သူလူထု၏ ပြဿနာများအတွက် လက်တွေ့ကျသော ဖြေရှင်းချက်များအဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောဆိုခဲ့သည်။ တစ်ဖက်တွင်လည်း ဝန်ကြီး Kadir က အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ယခု သဘောတူထားသည့် ဦးစားပေးကဏ္ဍများတွင် အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သည့် အားသာချက် ကိုယ်စီရှိကြ သည်ဟု ဆိုသည်။ မူအားဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များအား ရှေ့ဆက်လုပ် ဆောင်ရန်အတွက် နှစ်နိုင်ငံလုံးက ပညာရှင်များပါဝင်သော လုပ်ငန်းအဖွဲ့ (working groups) များ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဤ မိတ်ဖက်ဆက်ဆံရေး အောက်တွင် နှစ်နိုင်ငံအစိုးရများသည် "မလေးရှား-အင်ဒိုနီးရှား ပညာရေးဆိုင်ရာ မဟာမိတ်အဖွဲ့ (KAMI)" နှင့် ဆက်နွှယ်နေသည့် ရွေးချယ်ထားသော တက္ကသိုလ်များနှင့် သုတေသီများကို ပါဝင်စေမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်ပညာရေးဦးစီးဌာနသည်လည်း ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်နှင့် ပုံစံများကို သတ်မှတ်ရန်အတွက် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ ဌာနနှင့် ပဏာမဆွေးနွေးမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးစဉ်အတွင်း ဝန်ကြီး Kadir သည် IPB တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး မလေးရှား ကျောင်းသားများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Source : Antara
DOCA(ရန်ကုန်)
