
HS Hyosung Quang Nam သည် ၂၀၂၆ ခုနှစ်၏ပထမသုံးလပတ်အတွင်း Tam Thang Expanded Industrial Park တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ သန်း တန်ဖိုးရှိ polyester curtain fabric နှင့် စက်မှုလုပ်ငန်းသုံး fibre ထုတ်လုပ်ရေးစက်ရုံကို စတင် တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် စက်ရုံလည်ပတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကိုရီးယားသမ္မတနိုင်ငံ (RoK) အခြေစိုက် Hyosung Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး ၎င်းတို့ ၂၀၁၉ ခုနှစ်ကတည်းက ပထမဆုံးစက်ရုံကို မိတ်ဆက်ခဲ့သည့် ဗီယက်နမ်အလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် Chu Lai Industrial Zone Authorities နှင့် မြေငှားစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ စက်ရုံအသစ်ကို လစဉ် တန်ချိန် ၆,၇၅၀ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းဆွဲထားပြီး polyester curtain fabric နှင့် ကားလေအိတ်များအတွက် nylon fabric များကို ပြည်တွင်းနှင့် ပြည်ပစျေးကွက်များအတွက် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုအတွင်း ကိုရီးယားကုမ္ပဏီ သည် မော်တော်ယာဉ် အထောက်အကူပြု စက်မှုလုပ်ငန်းသုံးပစ္စည်းများဖြစ်သော တိုင်ယာကြိုး၊ ထိုင်ခုံခါးပတ်ကြိုးများ နှင့် လေအိတ်များကို ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ HS Hyosung Quang Nam သည် ယခင် ကွမ်နမ်ပြည်နယ် (ယခု Da Nang မြို့တော်နှင့် ပေါင်းစည်းထား) တွင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်တန်ဖိုးရှိသော စီမံကိန်း ၂ ခု လည်ပတ်နေပြီး ဒေသခံလူထု ၁,၅၀၀ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးထားကြောင်း သိရပါသည်။ Da Nang ပြည်နယ်နှင့် ဗီယက်နမ် အလယ်ပိုင်းဒေသကို ကိုရီးယားသမ္မတနိုင်ငံမှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကုမ္ပဏီများအတွက် အလားအလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှု တည်နေရာအဖြစ် ရှုမြင်ထားကြောင်း Da Nang မြို့တော်ရှိ ကိုရီးယားသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ဖော်ပြထားပါသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ICT ကဏ္ဍတွင် မြို့တော်၏ ၂၀၂၅-၂၀၃၀ ကာလ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုအစီအစဉ်၌ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူနှင့် အဓိကမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ မြို့တော်အာဏာပိုင်များသည် ဆီမီကွန်ဒတ်တာနှင့် AI အပါအဝင် ICT နှင့် အဆင့်မြင့်နည်းပညာ လုပ်ငန်းများတွင် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပြီး မြို့တော်ကို ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဆန်းသစ်တီထွင်မှု အချက်အချာနေရာအဖြစ် ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ လက်ရှိတွင် Hue၊ Da Nang နှင့် Quang Ngai ဒေသများတွင် ကိုရီးယားစီးပွားရေးလုပ်ငန်း ၂၅၀ ခန့် လည်ပတ်နေပြီး ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ အများအပြားသည်လည်း ဒေသတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ကောင်စစ်ဝန်ချုပ်ရုံး၏ အဆိုအရ သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
