ဗီယက်နမ်နိုင်ငံ၏ နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အတည်ပြု

Powered by Drupal

          ဗီယက်နမ်နိုင်ငံ၏ နို့နှင့် နို့ထွက်ပစ္စည်းကဏ္ဍကို ခေတ်မီပြီး ရေရှည်တည်တံ့သည့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းစုကြီးဖြစ်လာစေရန် ရည်ရွယ်သည့် ၂၀၃၀ ပြည့်နှစ်အထိ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ၂၀၄၅ ခုနှစ်အထိ မျှော်မှန်းချက်ကို ဒုတိယဝန်ကြီးချုပ် Bui Thanh Son က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

       အဆိုပါ မဟာဗျူဟာအရ ဗီယက်နမ်နိုင်ငံသည် နို့စားနွားများ မွေးမြူခြင်းမှသည် တန်ဖိုးမြင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ခြင်းအထိ ပါဝင်သည့် ကိုယ်ပိုင်ရပ်တည်နိုင်သော နို့ထွက်ပစ္စည်း ဂေဟစနစ်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။

         မဟာဗျူဟာ၏ ပထမအဆင့်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် နို့နှင့် နို့ထွက်ပစ္စည်းကဏ္ဍကို တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ တိုးတက်လာရန် ရည်မှန်းထားသည်။ ယင်းကာလအတွင်း ပြုပြင်ပြီးသား နို့ရည်ထုတ်လုပ်မှုကို တစ်နှစ်လျှင် လီတာ ၄.၂ ဘီလီယံအထိ ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် လတ်ဆတ်နို့စိမ်းများဖြင့် လုပ်ငန်းလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးခြင်းဖြင့် သွင်းကုန်အပေါ် မှီခိုနေရမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ရေရှည်မျှော်မှန်းချက်ဖြစ်သော ၂၀၄၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသားတစ်ဦးချင်းစီ၏ ပျမ်းမျှနို့ သောက်သုံးမှုနှုန်းကို တစ်နှစ်လျှင် လီတာ ၁၀၀ အထိရောက်ရှိရန် ရည်မှန်းထားသည်။ ထို့ပြင် နို့ထွက်ပစ္စည်းထုတ်လုပ်မှု လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းကို ပြည်တွင်းမှ ထွက်ရှိသည့် နို့ စိမ်းများဖြင့်သာ အစားထိုးအသုံးပြုသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

          နွားအုပ်စီမံခန့်ခွဲမှုနှင့် ကုန်ပစ္စည်းနောက်ကြောင်းလိုက်စနစ် (Traceability) များတွင် ဉာဏ်ရည်တု (AI) နှင့် Blockchain နည်းပညာများကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ အစိမ်းရောင်ထုတ်လုပ်မှုနှင့် သယံဇာတ အလှည့်ကျသုံးစွဲမှုစနစ် (Circular Economy) ကို ကျင့်သုံးမည်။ အစားအသောက် ဘေးကင်းလုံခြုံမှုအတွက် နိုင်ငံတကာစံနှုန်းများဖြစ်သော ISO၊ HACCP နှင့် Codex စံနှုန်းများအတိုင်း တင်းကျပ်စွာ ဆောင်ရွက်မည်။

        ထို့အပြင် ဗီယက်နမ်အစိုးရသည် နိုင်ငံတကာလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များမှတစ်ဆင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ရန် ပြင်ဆင်နေပြီး၊ ပြည်တွင်း၌လည်း ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးရေးအတွက် (School Milk Program) ကို အမျိုးသားအဆင့် စီမံကိန်းအဖြစ် အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)