၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှုကျဆင်းရန် ခန့်မှန်းရသည့် ထိုင်းနိုင်ငံ 

Powered by Drupal

          ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၂၈၇ တန်ဖြင့် ယခင်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်းကျဆင်းခဲ့သည့်နောက်တွင် ၂၀၂၆ ခုနှစ် ပထမနှစ် ဝက်တွင်လည်း ကျဆင်းရန်ခန့်မှန်းရကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း (Thai Rice Exporters Association) ၏အဆိုအရ သိရပါသည်။ တင်ပို့သည့်တန်ဖိုးသည် ဘတ် ၉.၇၁ ဘီလီ ယံသာ ရှိခဲ့ပြီး ၃၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာဖြင့် တွက်ချက်ရာတွင် လည်း ၂၃.၉ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။ ဆန်အမျိုးအစားအလိုက်ဆိုပါက စုစုပေါင်းတင်ပို့မှု၏ ၄၅ ရာခိုင်နှုန်း ပါဝင်သော White rice သည် ၁၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Thai hom mali ဆန် သည် ၈.၄ ရာခိုင်နှုန်း လျော့နည်းကာ တန်ချိန် ၁၂၀,၉၁၃ သို့ ကျဆင်း ခဲ့သည်။ Parboiled ဆန်သည် တန်ချိန် ၇၂,၄၆၂ ဖြင့် ၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Fragrant ဆန် သည် တန်ချိန် ၂၉,၃၉၀ ဖြင့် ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ဆန်အမျိုး အစားနှစ်မျိုးတွင် တိုးတက်မှုရရှိခဲ့ကြောင်း သိရပါသည်။ Glutinous ဆန် သည် တန်ချိန် ၁၀,၄၂၁ ဖြင့် ၁၃.၅ ရာခိုင်နှုန်း တိုးတက်ကာ Thai hom mali broken ဆန်သည် တန်ချိန် ၂၀,၈၆၅ ဖြင့် ၄၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံအလိုက်ဆိုပါက အီရတ်နှင့် အမေရိကန်သို့ တင်ပို့မှုများသည် ၂၀.၁ ရာခိုင်နှုန်းနှင့် ၃၄.၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ပါကစ္စတန်မှ ပေးပို့မှုနှောင့်နှေးမှုများကို အစားထိုးရန် ထိုင်းဆန်ကို ရှာဖွေဝယ်ယူ လာသဖြင့် မလေးရှားသို့ တင်ပို့မှုသည် ၁၁၆ ရာခိုင်နှုန်း နှင့် တရုတ်သို့ တင်ပို့မှုသည် ၈၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ အသင်းဥက္ကဋ္ဌ Charoen Laothammatas ကကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုပြင်းထန်လာသည့် အခြေအနေတွင် ငွေလဲလှယ်နှုန်းသည် ဆန်တင်ပို့မှုအပေါ် အရေးပါသော သက်ရောက်မှုရှိကြောင်း၊ ဘတ်ငွေတန်ဖိုး မြင့်မားလွန်းသည့်အတွက် အခြားဆန်တင်ပို့သည့်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ငွေလဲနှုန်းဖြစ်ရန် မျှော်လင့်ကြောင်း၊ အာဏာပိုင်များအနေဖြင့် တည်ငြိမ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ငွေလဲနှုန်းကို ကြီးကြပ်သင့်ကြောင်းနှင့် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ဘတ် ၃၃ မှ ၃၄ ကြား ဖြစ်ပါက သင့်တော်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အသင်းက ယခုနှစ်တွင် ဆန်တန်ချိန် ၇.၀၃ သန်း တင်ပို့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျဆင်းကာ တင်ပို့မှုတန်ဖိုးသည်လည်း ဘတ် ၁၃၀ ဘီလီယံခန့် ဖြင့် ၁၂.၃ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခုနှစ် ဆန်တင်ပို့မှုအပေါ် အဓိက သက်ရောက်နေသည့် အချက်များတွင် အဓိကဆန်တင်ပို့တင်သွင်းသည့် နိုင်ငံများ၌ ဆန်ပမာဏများပြားနေခြင်း၊ အမေရိကန်အကောက် ခွန်ဆောင်ရွက်ချက်များနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကဲ့သို့ အဓိကဆန်တင်သွင်းသည့်နိုင်ငံများ၏ အစားအစာကိုယ်တိုင်ဖူလုံမှု မြင့်တက်လာခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် အကောက်ခွန်များသည် နိုင်ငံတကာကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိသော်လည်း ငွေလဲနှုန်းသည် အရေးအကြီးဆုံးအချက်ဖြစ်ပြီး ၎င်းကြောင့် ထိုင်းဆန်သည် ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်လျှင် ဈေးနှုန်းမြင့်မားလာကြောင်း သိရပါသည်။ ဥပမာအားဖြင့် ယခုလတွင် ထိုင်း hom mali တန်ချိန်တစ်တန်ကို အမေရိ ကန်ဒေါ်လာ ၁,၁၀၀ ခန့်ဖြင့် ရောင်းချနေသော်လည်း ဗီယက်နမ်၏ အရည်အသွေးမြင့် အနံ့မွှေးဆန်မှာ တန်ချိန်လျှင် ဒေါ်လာ ၆၀၀ မှ ၈၀၀ ကြားသာ ရှိပြီး ကမ္ဘောဒီးယား၏ Malys Angkor အနံ့မွှေးဆန်မှာ တန်ချိန်လျှင် ဒေါ်လာ ၈၃၀ ခန့်ရှိသည်။ ကမ္ဘောဒီးယား အနံ့မွှေးဆန်သည် ယခု နှစ်တွင် အမေရိကန်ဈေးကွက်၌ ထိုင်း hom mali ဆန် အတွက် ပြိုင်ဘက် အသစ်တစ်ရပ်ဖြစ်လာနိုင်ပြီး ဗီယက်နမ်ဆန်ကဲ့သို့ ရှိနှင့်ပြီးသောပြိုင်ဘက်များလည်း ရှိနေဆဲဖြစ်ကြောင်း Chookiat ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် ပုံမှန်အားဖြင့် အမေ ရိကန်သို့ နှစ်စဉ် ဆန် တန်ချိန် ၈၀၀,၀၀၀ ကျော် တင်ပို့လေ့ရှိပြီး ထိုအထဲတွင် ထိုင်း hom mali ဆန်တန်ချိန် ၆၀၀,၀၀၀ ခန့် ပါဝင်ကြောင်း သိရပါသည်။ အစိုးရ၏ ကြေညာချက်အရ ထိုင်းနိုင်ငံသည် တရုတ်နှင့် government to government  သဘောတူထားသည့် ဆန် တန်ချိန် ၅၀၀,၀၀၀ ပို့ဆောင်ရေး စာချုပ်အောက်တွင် ပထမအသုတ် တန်ချိန် ၄၀,၀၀၀ ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပို့ဆောင်မည်ဖြစ်ပြီး ယခုနှစ် ကုန်ပိုင်းတွင် စုစုပေါင်း ပို့ဆောင်မှုများပြီးစီးမည်ဟု သိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)