အကောက်ခွန်နှုန်းထားများနှင့် ကမ္ဘာ့ဆန်ပိုလျှံမှုများကြား ထိုင်းဆန်တင်ပို့မှု လျော့ကျသွားနိုင်

Powered by Drupal

     ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ၁၇.၅ရာခိုင်နှုန်းကျဆင်းခဲ့ ပြီး တန်ချိန် ၅၃၀,၂၈၇ သာ ရှိခဲ့ရာ ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှု ပမာဏ ဆက် လက် လျော့ကျသွားနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

       ဆန်တင်ပို့မှုတန်ဖိုးမှာ ဘတ်ငွေအားဖြင့် ၃၀.၇ရာခိုင်နှုန်းကျဆင်းကာ ဘတ်ငွေ ၉.၇၁ ဘီလီယံသို့ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာအားဖြင့် ၂၃.၉ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း၊ စုစုပေါင်း တင်ပို့မှု၏ ၄၅ ရာခိုင်နှုန်းရှိသော ဆန်ဖြူတင်ပို့မှုမှာ ၁၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထိုင်းဟုမ်းမာလီဆန်မှာ ၈.၄ရာခိုင်နှုန်းဖြင့် တန်ချိန် ၁၂၀,၉၁၃ သို့ ကျဆင်းခဲ့ကြောင်း၊ ပေါင်းဆန် တင်ပို့မှုမှာ ၂.၅ရာခိုင်နှုန်းဖြင့် တန်ချိန် ၇၂,၄၆၂ သို့ ကျဆင်းခဲ့ပြီး ရနံ့မွှေးသောဆန်မှာ ၃၁ ရာခိုင်နှုန်းဖြင့် တန်ချိန် ၂၉,၃၉၀ သို့ ကျဆင်းသွားခဲ့ကြောင်း၊ သို့သော် ဆန်အမျိုးအစား ၂ မျိုးမှာ တိုးတက်မှုရှိခဲ့ရာ ကောက်ညှင်းဆန်သည် ၁၃.၅ ရာခိုင်နှုန်းဖြင့် တန်ချိန် ၁၀,၄၂၁ သို့ ရောက်ရှိခဲ့ပြီး ထိုင်းဟုမ်းမာလီ ဆန်ကွဲမှာ ၄၂.၉ရာခိုင်နှုန်းဖြင့် တန်ချိန် ၂၀,၈၆၅ အထိတိုးမြင့်၍ တင်ပို့နိုင်ခဲ့ သည်။

      ထိုင်းနိုင်ငံသည် အီရတ်သို့ ဆန်တင်ပို့မှု ၂၀.၁ရာခိုင်နှုန်းနှင့်အမေရိကန်သို့ ဆန်တင်ပို့မှု ၃၄.၁ရာခိုင်နှုန်းဖြင့် အသီးသီး သိသိသာသာ လျော့ကျခဲ့သည်။ သို့သော် မလေးရှားနိုင်ငံသို့ ဆန် တင်ပို့မှုမှာမူ ၁၁၆ ရာခိုင်နှုန်း အထိ ထိုးတက်သွားခဲ့ပြီး ယင်းသို့မြင့်တက်လာခြင်းမှာ ပါကစ္စတန် နိုင်ငံမှ ဆန်တင်ပို့မှုများ ကြန့်ကြာနေခြင်းကြောင့် အစားထိုးရန် ထိုင်းဆန်ကို ဝယ်ယူခဲ့ခြင်း ကြောင့်ဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှ မှာလည်း ၈၄.၅ရာခိုင်နှုန်း မြင့်တက်လာ ခဲ့သည်။

      ကမ္ဘာ့ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုများ ပြင်းထန်နေချိန်တွင် ငွေလဲလှယ်နှုန်းထားများ သည် ဆန်တင်ပို့မှုအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိနိုင်ကြောင်း၊ ဘတ်ငွေတန်ဖိုးသည် အမှန်တကယ်ရှိသင့်သည်ထက် ပိုမိုမြင့်တက်နေပြီး အခြားဆန်တင်ပို့သည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါ က ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော ငွေလဲလှယ်နှုန်းတစ်ခုကို မြင်တွေ့လိုပါကြောင်းနှင့် တည်ငြိမ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ငွေလဲလှယ်နှုန်းကို အာဏာပိုင်များက ကြီးကြပ်သင့်ပါကြောင်း၊ ဆန်တင် ပို့မှုအတွက် အသင့်တော်ဆုံးနှုန်းထားမှာ တစ်ဒေါ်လာလျှင် ၃၃ ဘတ်မှ ၃၄ ဘတ်ကြား ဖြစ်သင့် ကြောင်း ထိုင်းဆန်တင်ပို့သူများ အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Charoen Laothammatas က ပြော ကြားခဲ့သည်။

      ယခုနှစ်တွင် ဆန်တင်ပို့မှု ပမာဏမှာ တန်ချိန် ၇.၀၃သန်းသာရှိမည်ဖြစ်ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်သည်။ ထို့အပြင် ဆန်တင်ပို့မှု တန်ဖိုးမှာလည်း ၁၂.၃ရာခိုင်နှုန်းသို့ ကျဆင်းကာ ဘတ်ငွေ ၁၃၀ ဘီလီယံသို့ ရောက်ရှိမည်ဟု ထိုင်း ဆန်တင်ပို့သူများအသင်းက ခန့်မှန်းထားသည်။

     ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခုနှစ်အတွင်း ဆန်တင်ပို့မှုအပေါ် လွှမ်းမိုးနေသည့် အချက်အလက်များစွာ ရှိနေကြောင်း၊ ယင်း တို့အနက် အဓိက ဆန်တင်ပို့သည့်နိုင်ငံများနှင့် တင်သွင်းသည့်နိုင်ငံများတွင် ဆန်ပိုလျှံနေမှုသည် လည်းကောင်း၊ အမေရိကန်၏ အကောက်ခွန်နှုန်းထားများသည်လည်းကောင်း၊ အဓိက ဆန်တင် သွင်းသည့် နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် စားနပ်ရိက္ခာ ဖူလုံမှုအတွက် နိုင်ငံ တွင်းထုတ်လုပ်နိုင်စွမ်း ပိုမိုမြင့်မားလာခြင်းတို့ပါဝင်ကြောင်း ဆိုသည်။

     အမေရိကန်၏ အကောက်ခွန်နှုန်းထားများသည် ထိုင်းနိုင်ငံမှ အမေရိကန်သို့ ဆန်တင်ပို့မှု အပါအဝင် နိုင်ငံတကာ ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိနေသော်လည်း ငွေလဲလှယ်နှုန်းသည် သာ အဓိက အကျဆုံးအချက်ဖြစ်ပြီး ထိုင်းဆန်၏ဈေးနှုန်းကို ပြိုင်ဘက်နိုင်ငံများထက် ပိုမိုမြင့်မား စေခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဥပမာအားဖြင့် ယခုလတွင် ထိုင်းဟုမ်းမာလီဆန် သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၀၀ ဈေးပေါက်နေပြီး ဗီယက်နမ်၏ ပရီမီယံ ရနံမွှေး ဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ မှ ၈၀၀ ကြားသာရှိကာ ကမ္ဘောဒီးယား၏ Malys Angkor ရနံ့မွှေးဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၃၀ ဈေးရှိနေကြောင်း သိရသည်။

      ထို့ပြင် အမေရိကန်ဈေးကွက်တွင် ဗီယက်နမ်ဆန်ကဲ့သို့သော လက်ရှိပြိုင်ဘက်များအပြင် ကမ္ဘောဒီးယား ရနံမွှေးဆန်သည်လည်း ထိုင်းဟုမ်းမာလီဆန်၏ ပြိုင်ဘက်သစ်အဖြစ် ယခုနှစ် အတွင်း ပေါ်ထွက်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံသို့ နှစ်စဉ် ဆန်တန်ချိန် ၈၀၀,၀၀၀ ကျော် တင်ပို့လျက်ရှိပြီး ယင်းတို့အနက် တန်ချိန် ၆၀၀,၀၀၀ မှာ ထိုင်း ဟုမ်းမာလီဆန် ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ဆက် လက်ထိန်းသိမ်းထား နိုင်ရန်အတွက် ဆန်အရည်အသွေးကို ကောင်းမွန်အောင် ထိန်းထားရုံတင် သာမက သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ပါ ရောင်းချနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း Mr Chookiat က ပြောကြားခဲ့သည်။

      ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀,၀၀၀ တင်ပို့ရန် အစိုးရအချင်းချင်း ချုပ်ဆိုထားသည့်စာချုပ်အရ ပထမဆုံးအသုတ်အဖြစ် ဆန်တန်ချိန် ၄၀,၀၀၀ ကို ယခုလကုန်တွင် စတင်ပေးပို့တော့ မည်ဖြစ်ပြီး ကျန်ရှိသော ပမာဏအားလုံးကို ယခုနှစ်ကုန်တွင် အပြီးသတ်ပေးပို့ သွားရန် မျှော်လင့်ထားကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

Source: Bangkok Post, 26 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)