စင်ကာပူ၊ ဂျပန်နှင့် တီ‌မောလတ်စ်တေသို့ ကြက်သားနှင့် ဆက်စပ်ထုတ်ကုန် ၅၄၅ တန်တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

        အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman သည် ရူပီး ၁၈.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ သန်းခန့်) တန်ဖိုးရှိသော ကြက်သားနှင့် ဆက်စပ်ထုတ်ကုန် ၅၄၅ တန်ကို စင်ကာပူ၊ ဂျပန်နှင့် တီမောလတ်စ်တေသို့ တင်ပို့ခဲ့ကြောင်း မတ်လ ၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဂျကာတာရှိစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သော အခမ်းအနားတွင် ဝန်ကြီး Sulaiman က အဆိုပါ တင်ပို့မှုသည် အင်ဒိုနီးရှားနိုင်ငံ၏ ကြက်မွေးမြူရေးလုပ်ငန်း ကဏ္ဍမှာ ကြက်သားနှင့် ကြက်ဥ ထုတ်လုပ်မှုတွင် ကိုယ်ပိုင်လုံလောက်မှု ရရှိထားရုံသာမက နိုင်ငံတကာဈေးကွက်များသို့လည်း တိုးချဲ့ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်း၊ အခြားနိုင်ငံများသို့ တင်ပို့မှုများကို ဆက်လက်တိုးမြှင့်နေကြောင်း၊ လက်ရှိတွင် ပုံမှန်တင်ပို့နေသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိပြီး ယနေ့တွင် နိုင်ငံ ၃ နိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်သော တင်ပို့မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ယခင်ကကဲ့သို့ ကြက်သား တင်သွင်းမှုအပေါ် မူတည်နေရခြင်းမရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် မွေးမြူရေးသမားများအတွက် ဈေးနှုန်းကျဆင်းမှု မဖြစ်ပေါ်စေကြောင်း သိရပါသည်။ အစိုးရသည် အခမဲ့ အာဟာရရှိသောအစားအစာအစီအစဉ် (Free Nutritious Meal program) ပါဝင်သည့် ပြည်တွင်းစားသုံးခြင်းနှင့် ပို့ကုန်ဈေးကွက်များ တိုးချဲ့ခြင်းတို့တစ်ဆင့် ပိုလျှံမှုကို စီမံခန့်ခွဲနေကြောင်း သိရပါသည်။ တင်ပို့မှုများကို ပြည်တွင်းကုမ္ပဏီ ၄ ခုဖြစ်သည့် PT Charoen Pokphand Indonesia Tbk၊ PT Japfa Comfeed Indonesia Tbk၊ PT Taat Indah Bersinar နှင့် PT Malindo Food Delight တို့ကတာဝန်ယူဆောင်ရွက်နေပြီး ကုမ္ပဏီတိုင်း၏တင်ပို့သည့်ပမာဏနှင့် တန်ဖိုးမှာ ကွဲပြားကြောင်း သိရပါသည်။ မွေးမြူရေးနှင့် တိရိစ္ဆာန်ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Agung Suganda က တင်ပို့မှုအောင်မြင်ခြင်းသည် တိရစ္ဆာန်ကျန်းမာရေးစနစ်များ အားကောင်းမှု၊ အစားအစာလုံခြုံရေးအာမခံချက်များနှင့် နိုင်ငံတကာစံချိန်စံညွှန်းအရ စောင့်ကြည့်ထိန်းသိမ်းမှုများပေါ်မူတည်ကြောင်း၊ တင်ပို့သည့် ထုတ်ကုန်တိုင်းသည် ဝယ်ယူသောနိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရန် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ အတည်ပြုလက်မှတ်များ ရယူ ထားပြီး တင်းကြပ်သော စောင့်ကြည့်ထိန်းသိမ်းမှုများ ဆောင်ရွက်ကြောင်းနှင့် ခြေရာခံလိုက်နိုင်မှု (traceability)၊ ဇီဝလုံခြုံရေး (biosecurity) နှင့် အစားအစာလုံခြုံစိတ်ချရေးတို့ကို အာမခံထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် မိတ်ဖက်နိုင်ငံများနှင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများကို အားကောင်းစွာ ဆောင်ရွက်ခြင်းအားဖြင့် ဈေးကွက်ဝင်ရောက်ခွင့်ကို ထိန်းသိမ်းထားကြောင်းလည်း သိရပါသည်။ ထုတ်လုပ်မှုလုံလောက်မှုရှိခြင်းနှင့် တင်ပို့သည့်ဈေးကွက်များ တိုးချဲ့လာခြင်းတို့ကြောင့် အင်ဒိုနီးရှား၏ ကြက်မွေးမြူရေးကဏ္ဍသည် ပိုမိုအားကောင်းလာကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည်လည်း လုပ်ငန်းနယ်ပယ်၏ယှဉ်ပြိုင်နိုင်စွမ်းကို အရှိန်မြှင့်တင်ရန် ထုတ်လုပ်မှုပိုလျှံခြင်းကို ဆက်လက်စီမံခန့်ခွဲခြင်း၊ မွေးမြူရေးအဆင့် ဈေးနှုန်းတည်ငြိမ်ရေးနှင့် နိုင်ငံတကာဈေးကွက်တိုးချဲ့ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)