
ဗီယက်နမ်နှင့် ဂရိနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး၏ အလားအလာကို ပိုမိုအသုံးချနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်ဖွင့်လှစ်ရေးကို မြှင့်တင်ခြင်းနှင့် ရေကြောင်းပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်ကို မတ်လ ၃ ရက်နေ့တွင် ဟနွိုင်းမြို့၌ ကျင်းပသော ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီး Le Manh Hung နှင့် ဂရိနိုင်ငံ လွှတ်တော်၏ ဒုတိယဥက္ကဌ (၁) Ioannis Plakiotakis တို့ တွေ့ဆုံစဉ် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် Le Manh Hung က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှုသည် လာမည့်ကာလများတွင် ဆက်လက်တိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ ထို့ပြင် ဂရိနိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဗီယက်နမ်နှင့် EU အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ပေါင်းကူးတံတားတစ်ခုအဖြစ် လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Plakiotakis က ဂရိနိုင်ငံသည် EU–ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (EVFTA) ကို အတည်ပြုခဲ့သော EU အဖွဲ့ဝင်နိုင်ငံများထဲမှ ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်းနှင့် အဆိုပါသဘောတူညီချက်ကြောင့် ပေါ်ပေါက်လာသော အခွင့်အလမ်းများကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက်တိုးတက်နိုင်သော အလားအလာများ ရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။ EVFTA သဘောတူညီ ချက်သည် ၂၀၂၀ ခုနှစ်တွင် စတင်အသက်ဝင်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေးသည် အပြုသဘောဆောင်သော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၅၈၇.၃၂ သန်းနီးပါးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၆.၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲတွင် ဗီယက်နမ်မှ ဂရိသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၆၅.၅၄ သန်းရှိခဲ့ပြီး ၁၈.၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဂရိမှ ဗီယက်နမ်သို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၁.၇၈ သန်းဖြင့် ၈.၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်လတည်းတွင်ပင် နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏသည် အမေရိကန်ဒေါ်လာ ၅၂.၇ သန်းရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲတွင် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၅.၃ သန်းဖြစ်ပြီး ၂၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၄ သန်းဖြစ်ပြီး ၄၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ Plakiotakis က ဂရိနိုင်ငံသည် ဗီယက်နမ်ကို အရှေ့တောင်အာရှဒေသတွင် အရေးပါသော စီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း အထူးသဖြင့် ဗီယက်နမ်၏ စီးပွားရေး တိုးတက်နှုန်းမြန်ဆန်မှုကြောင့် ပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာများ များပြားနေကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဂရိနိုင်ငံသည် ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်း ကုန်တင်သင်္ဘော ၄,၅၀၀ ကျော်ဖြင့် လည်ပတ်နေကာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့ပြင် သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများတွင်လည်း အတွေ့အကြုံများ ပြည့်စုံကြောင်း သိရပါသည်။ Plakiotakis က ဂရိစီးပွားရေးလုပ်ငန်းများသည် ရေကြောင်းပို့ဆောင်ရေး၊ သင်္ဘောတည်ဆောက်ရေးနှင့် သင်္ဘောဝန်ထမ်း လေ့ကျင့်ရေးကဏ္ဍများတွင် ဗီယက်နမ်နှင့် အတွေ့အကြုံများကို မျှဝေရန် အဆင်သင့်ရှိကြောင်းနှင့် နှစ်နိုင်ငံအားသာချက်ရှိသည့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်များအတွက် ဈေးကွက်ဝင်ခွင့်ကိုလည်း ပိုမိုတိုးချဲ့လိုကြောင်းပြောကြားခဲ့ပါသည်။ Le Manh Hung က အဆိုပါ အကြံပြုချက်ကိုကြိုဆိုခဲ့ပြီး ဂရိနိုင်ငံမှ သင်္ဘောတည်ဆောက်ရေးနည်းပညာများနှင့် စမတ်ဆိပ်ကမ်း (smart port) စနစ်များအတွက် နည်းပညာလွှဲပြောင်းပေးခြင်းများမှတစ်ဆင့် ဗီယက်နမ်၏ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ဥရောပကော်မရှင်မှ ဗီယက်နမ် ပင်လယ်စာထုတ်ကုန်များအပေါ် ချမှတ်ထားသော “yellow card” သတိပေးချက်ကို အမြန်ဆုံးဖယ်ရှားနိုင်ရေးအတွက် EU အတွင်း ဂရိနိုင်ငံမှ ထောက်ခံပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံအနေဖြင့် လာမည့်ကာလများတွင် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် လာရောက်လည်ပတ်မှုများကို တိုးမြှင့်ကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
