
အင်ဒိုနီးရှားနိုင်ငံ၊ ပင်လယ်ငါးလုပ်ငန်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစိုးရစည်းမျဉ်းအမှတ် ၁/၂၀၂၆ ကို လိုက်နာကျင့်သုံးရန် ကြိုးပမ်း သည့်အနေဖြင့် ပြည်တွင်းစျေးကွက်သို့ လတ်ဆတ်သော ငါးထွက်ကုန်များ တင်ပို့နေသည့် နိုင်ငံခြားကုမ္ပဏီများအပေါ် ကြီးကြပ်ကွပ်ကဲမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ ပင်လယ်နှင့် ငါးလုပ်ငန်းထွက်ကုန် အရည်အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ကွပ်ကဲရေး အေဂျင်စီ၏ အကြီးအကဲ Ishartini က အေဂျင်စီအနေဖြင့် ရေထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုကို ကြီးကြပ်သည့် လုပ်ပိုင်ခွင့်ရအာဏာပိုင်အဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်သည့်အတွက် နိုင်ငံခြားကုမ္ပဏီများကို မှတ်ပုံတင်ခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် သူမက ထိုသို့ ဆောင်ရွက်ခြင်းသည် တင်သွင်းလာသော ငါးအခြေခံစားသောက်ကုန်များမှာ တင်းကျပ်သော တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်ဖြစ်ပြီး ထိုမှတစ်ဆင့် စားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်ရန်ရည်ရွယ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ Ishartini ၏ ပြောကြားချက်အရ အဆိုပါကြီးကြပ်ကွပ်ကဲမှုကို အရည်အသွေးစစ်တမ်းကောက်ယူခြင်း၊ ဓာတ်ခွဲခန်းစမ်းသပ်ခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံသို့ လတ်ဆတ်သော ငါးများတင်ပို့သည့် နိုင်ငံခြားလုပ်ငန်းများကို မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များမှ တစ်ဆင့် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနမှ မှတ်ပုံတင်နံပါတ် ထုတ်ပေးထားသည့် ကုမ္ပဏီများကိုသာ နိုင်ငံအတွင်း ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခွင့် ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
မှတ်ပုံတင်ကုဒ်နံပါတ်ကို နယ်စပ်မဖြတ်ကျော်မီ ကြိုတင်စစ်ဆေးခြင်း ယန္တရားအရ အရည်အသွေးစစ်ဆေးရေးမှူးများ၏ တင်းကျပ်သော စစ်ဆေးမှုများပြုလုပ်ပြီးမှ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းစဉ်သည် ထုတ်ကုန်များ စတင်ထွက်ရှိရာနေရာမှ အင်ဒိုနီးရှား၏ ပြည်တွင်းထောက်ပံ့မှုကွင်းဆက်အတွင်းသို့ မရောက်ရှိမီအထိ ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းထားနိုင်စေရန် ရည်ရွယ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် မိတ်ဖက် ၇ နိုင်ငံနှင့် အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူညီချက် (Mutual Recognition Arrangements - MRA) အရ ရေထွက်ကုန်များတင်ပို့ရန် ခွင့်ပြုချက်ရရှိထားသည့် နိုင်ငံခြားကုမ္ပဏီစာရင်းကိုလည်း အတည်ပြုခဲ့ပါသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် လိုင်စင်ရကုမ္ပဏီ ၈၄၉ ခုဖြင့် စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၎င်းနောက်တွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၇၉၈ ခုနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ၁၈၄ ခုတို့ ပါဝင်ကြောင်း သိရပါသည်။ အခြားနိုင်ငံများအနေဖြင့် နော်ဝေးနိုင်ငံမှ ၄၂ ခု၊ ကနေဒါနိုင်ငံမှ ၂၄ ခု၊ ရုရှားနိုင်ငံမှ ၁၁ ခုနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ၁ ခုတို့ ဖြစ်ကြကြောင်း သိရပါသည်။
အင်ဒိုနီးရှားနိုင်ငံနှင့် MRA သဘောတူညီချက် မချုပ်ဆိုရသေးသည့် နိုင်ငံများအတွက်မူ ရေထွက်ကုန်ပစ္စည်းများကို အင်ဒိုနီးရှားစျေးကွက်အတွင်းသို့ မတင်သွင်းမီနှင့် မဖြန့်ဖြူးမီ သတ်မှတ်ထားသော ဓာတ်ခွဲခန်းများတွင် အရည်အသွေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ကြောင်း သိရပါသည်။ သွင်းကုန်များအပေါ် ကြီးကြပ်ကွပ်ကဲမှု တင်းကျပ်ထားသော်လည်း အင်ဒိုနီးရှား နိုင်ငံသည် ကမ္ဘာ့အဓိက ရေထွက်ကုန် အသားတင်တင်ပို့သည့် နိုင်ငံကြီးများထဲတွင် တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ပင်လယ်ငါးလုပ်ငန်းနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် တန်ဖိုးရှိသော ရေထွက်ကုန် တန်ချိန် ၁ သန်းကျော်ကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလအတွင်းတွင် သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၆၃.၅၅ သန်းခန့် တန်ဖိုးရှိသည့် တန်ချိန် ၃၀၉,၀၀၀ နီးပါးအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။
Source: Vietnamplus
DOCA (ရန်ကုန်)
