လောင်စာဆီအခက်အခဲဖြစ်ပေါ်နေချိန်တွင် အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ဒီဇယ်တန်ချိန် ၅,၀၀၀တန်ခန့် တင်ပို့

Powered by Drupal

        ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လောင်စာဆီလိုအပ်ချက် စိုးရိမ်ရသည့် အခြေအနေတွင် အိန္ဒိယနိုင်ငံမှ ဒီဇယ်တန်ချိန် ၅,၀၀၀ တန်နီးပါးကို ပိုက်လိုင်းမှတစ်ဆင့် ယနေ့ တင်သွင်းမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဒီဇယ်များသည် Parbatipur နယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရေနံကော်ပိုရေးရှင်း (BPC) ဥက္ကဋ္ဌ Muhammad Rezanur Rahman က ပြောကြားခဲ့ကြောင်း သိရပါသည်။ “ကျွန်တော်တို့ အိန္ဒိယနဲ့ သဘောတူညီချက်ရှိပါတယ်။ အဲဒီသဘောတူညီချက်အရ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ပိုက်လိုင်းကတစ်ဆင့် တစ်နှစ်ကို ဒီဇယ်တန်ချိန် ၁၈၀,၀၀၀ ထောက်ပံ့ပေးမှာပါ။ အခုရောက်ရှိလာတဲ့ ဒီဇယ်တန်ချိန် ၅,၀၀၀ ဟာ အဲဒီသဘောတူညီချက် ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု Rahman က ထပ်မံပြောကြားခဲ့ပါသည်။

          BPC ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် “သဘောတူညီချက်အရ ခြောက်လအတွင်း အနည်းဆုံး ဒီဇယ်တန်ချိန် ၉၀,၀၀၀ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီနေ့ရောက်ရှိလာတဲ့ အသုတ်ကတော့ တန်ချိန် ၅,၀၀၀ ဖြစ်ပြီး၊ လာမယ့် နှစ်လအတွင်းမှာ ခြောက်လစာအတွက် စုစုပေါင်း ဒီဇယ်ပမာဏအားလုံးကို တင်သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

         မတ်လ ၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် လောင်စာဆီ လက်ကျန် အခြေအနေကို စစ်ဆေးရန် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ “လက်ရှိ အကျပ်အတည်းဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အကျိုးအမြတ်မရိုးသားတဲ့ ကုန်သည်တချို့ဟာ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုအတု ဖန်တီးဖို့အတွက် လောင်စာဆီတွေကို တရားမဝင် သိုလှောင်ထားကြောင်း မီဒီယာအသီးသီးမှာ သတင်းထွက်ပေါ်နေပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။ “ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရအနေနဲ့ ယာဉ်အမျိုးအစားအလိုက် လောင်စာဆီ ရောင်းချခွင့်ပမာဏကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဓာတ်ဆီဆိုင်တချို့မှာ အစိုးရသတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုရောင်းချနေတာ၊ အမြတ်အစွန်း ပိုမိုရရှိဖို့အတွက် ဆီတွေကို သိုလှောင်ထားတာ၊ ပြင်ပဈေးကွက်မှာ ပြန်လည်ရောင်းချတာနဲ့ မှောင်ခိုကုန်သွယ်မှု ပြုလုပ်တာတွေကို တွေ့ရှိနေရပါတယ်” ဟုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                               

DOCA (ရန်ကုန်)