ဗီယက်နမ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု မြင့်တက်လာ

Powered by Drupal

     ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်လ (ဇန်နဝါရီနှင့် ဖေဖော်ဝါရီ) အတွင်း ပြည်ပစီမံကိန်းများ၌ အမေရိကန်ဒေါ်လာ ၅၄၀.၂ သန်းအထိ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ယင်းမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၃ ဆ မြင့်တက်လာခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီကို ကိုးကား၍ ဗီယက်နမ်သတင်း ဌာနက မတ်လ ၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

        ထုတ်ပြန်ချက်အရ အဆိုပါပမာဏအနက် ဒေါ်လာ ၅၃၂.၄ သန်းကို စီမံကိန်းအသစ် ၃၆ ခုအတွက် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး ကျန်ဒေါ်လာ ၇.၈ သန်းကို လက်ရှိလည်ပတ်နေသော စီမံကိန်း ၃ ခုတွင် ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စီမံကိန်း အသစ်များတွင် ၂.၃ ဆနှင့် လက်ရှိစီမံကိန်းများတွင် ၁.၅ ဆ အသီးသီး တိုးတက်လာခြင်းလည်းဖြစ်သည်။

       ရင်းနှီးမြှုပ်နှံမှုများထဲတွင် အများဆုံးပမာဏဖြစ်သော ဒေါ်လာ ၁၆၃.၈ သန်းကို လျှပ်စစ်ဓာတ် အား၊ ဓာတ်ငွေ့၊ ရေပူ၊ အခိုးအငွေ့နှင့် လေအေးပေးစနစ် ထုတ်လုပ်ဖြန့်ဖြူးရေး ကဏ္ဍများတွင် အသုံးပြုခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၀.၃ ရာခိုင်နှုန်းရှိသည်။

          ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများ အများဆုံးသွားရောက်မြှုပ်နှံသည့် နိုင်ငံများမှာ လာအိုနိုင်ငံ (ဒေါ်လာ ၁၇၆.၇ သန်း) ဖြင့် ထိပ်ဆုံးမှ ရှိနေပြီး ၎င်းနောက်တွင် ကာဂျစ္စတန် (ဒေါ်လာ ၁၄၉.၉ သန်း) နှင့် အန်ဂိုလာ (ဒေါ်လာ ၃၀ သန်း) တို့က အသီးသီး ရပ်တည်နေကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)