ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ပမာဏသည် ဖေဖော်ဝါရီလတွင် သိသိသာသာ မြင့်တက်ခဲ့ ပြီးနောက် မတ်လတွင် ပြန်လည် လျော့နည်းသွားကြောင်းနှင့် ပြောင်းလက်ကျန်များမှာမူ လအလိုက် လျော့နည်းမှုရှိသော်လည်း ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားနေဆဲ ဖြစ်ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စုစုပေါင်း ဆန်လက်ကျန်ပမာဏမှာ မက်ထရစ် တန်ချိန် ၂.၁၁ သန်း ရှိခဲ့ပြီး ၎င်းမှာ ၂၀၂၅ ခုနှစ် အလားတူကာလ၏ ၁.၆၁ သန်းနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခြင်းဖြစ်သည်။ မတ်လ ၁ ရက်နေ့သို့ ရောက်ရှိချိန်တွင် ဆန်လက်ကျန်မှာ မက်ထရစ် တန်ချိန် ၁.၈၈ သန်း သို့ လျော့ကျသွားခဲ့သည်။ ယင်းပမာဏသည် ၂၀၂၅ ခုနှစ် အလားတူကာလ ထက် ၁၆.၅ ရာခိုင်နှုန်း ပိုမိုများပြားနေသေးသော်လည်း ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁၁.၁ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်သည်။
အိမ်ထောင်စုများ၏ ဆန်လက်ကျန်ပမာဏသည် ၄၈.၄ ရာခိုင်နှုန်းဖြင့် အများဆုံးဝေစုကို ပိုင်ဆိုင်ထားသည်။ အိမ်ထောင်စုများ၏ ဆန်လက်ကျန်သည် ဖေဖော်ဝါရီလတွင် မက်ထရစ်တန် ၈၉၉,၅၇၀ အထိ ရှိခဲ့ပြီး ၎င်းမှာ ယခင်နှစ် အလားတူကာလရှိ ၇၈၄,၀၈၀ မက်ထရစ်တန်ထက် မြင့်တက်လာခြင်းဖြစ်သည်။ မတ်လတွင်မူ အဆိုပါလက်ကျန်ပမာဏသည် ၉၀၈,၇၂၀ မက်ထရစ် တန် အထိ ဆက်လက်တိုးတက်လာခဲ့သည်။
ဈေးကွက်အတွင်းရှိ လက်ကျန်ဆန်ပမာဏသည် ဖေဖော်ဝါရီလတွင် မက်ထရစ်တန် ၇၉၁,၂၀၀ ရှိခဲ့ရာမှ မတ်လတွင် မက်ထရစ်တန် ၅၆၄,၂၂၀ သို့ ၂၈.၇ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ သည်။ ယင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လအလိုက် ဆန်လက်ကျန်ပမာဏ ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော် အဆိုပါလျော့နည်းမှု ပမာဏသည် ယခင်နှစ် အလားတူကာလ၏ ကိန်းဂဏန်းများထက် ပိုမိုမြင့်မားနေဆဲ ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ ပြောင်းလက်ကျန်ပမာဏမှာ မက်ထရစ်တန် ၄၆၅,၈၆၀ ရှိပြီး ယင်းမှာ ယခင်နှစ်အလားတူကာလ၏ ၃၆၈,၅၁၀ မက်ထရစ်တန်ထက် ၂၆.၄ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော် ဤကိန်းဂဏန်းသည် ဖေဖော်ဝါရီလတွင် မှတ်တမ်းတင်ခဲ့ သည့် ၅၇၃,၀၄၀ မက်ထရစ်တန်နှင့် နှိုင်းယှဉ်ပါက ၁၈.၇ ရာခိုင်နှုန်း လျော့ကျသွားခြင်းကြောင်း သိရသည်။
ဈေးကွက်အတွင်းရှိ လက်ကျန်ပမာဏသည် စုစုပေါင်း ပြောင်းလက်ကျန်၏ ၈၅.၁ ရာခိုင်နှုန်း ရှိပြီး ကျန်ရှိသော ၁၄.၉ ရာခိုင်နှုန်းကိုမူ အိမ်ထောင်စုများက ပိုင်ဆိုင်ထားသည်။ ဈေးကွက် အတွင်းရှိ ပြောင်းလက်ကျန်ပမာဏသည် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၂၀.၅ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ယခင်နှစ်အလားတူကာလထက် ၂၅.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။ အိမ်ထောင်စုများရှိ ပြောင်းလက်ကျန်မှာမူ ဖေဖော်ဝါရီလထက် ၆.၉ ရာခိုင်နှုန်း လျော့နည်း သွားခဲ့သော်လည်း ၂၀၂၅ ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၁.၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်နေခဲ့ သည်။
အထက်ပါအချက်အလက်များအရ ဆန်နှင့် ပြောင်း စုစုပေါင်း လက်ကျန်ပမာဏမှာ ယခင် နှစ်ထက် ပိုမိုမြင့်မားနေဆဲဖြစ်သော်လည်း လအလိုက် လျော့နည်းသွားမှုမှာ ဖေဖော်ဝါရီလအတွင်း လက်ကျန်များ ပိုမိုများပြားခဲ့ခြင်းကြောင့် ဈေးကွက်အတွင်းရှိ သိုလှောင်မှုများမှ ပြန်လည်ထုတ်ယူ သုံးစွဲလိုက်ခြင်းဖြစ်သည်ကို ထင်ဟပ်စေပါသည်။
Source: Manila Standard, 9 April 2026, (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
