ထိုင်းနိုင်ငံရှိ သကြားစျေးနှုန်းများ မြင့်တက်လာနိုင်

Powered by Drupal

           ကုန်ထုတ်လုပ်မှုစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ၊ အထူးသဖြင့် ပလတ်စတစ် ထုပ်ပိုးမှုနှင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လာမည့်မေလမှစတင်ကာ သကြားလက်လီ စျေးနှုန်းများမြင့်တက်လာတော့မည်ဖြစ်ကြောင်း ထိုင်းသကြားစက်ပိုင်ရှင်များ ကော်ပိုရေးရှင်း (TSMC) က ပြောကြားလိုက်သည်။

           ကမ္ဘာ့စီးပွားရေးဖိအားများနှင့် စွမ်းအင်စျေးကွက် မတည်ငြိမ်မှုများကြောင့် ကုန်ကျစရိတ်များမြင့်တက်နေသော်လည်း ပြည်သူများ၏ စားဝတ်နေရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန်အတွက် ဧပြီလတစ်လလုံးတွင် သကြားစျေးနှုန်းကိုမတိုးဘဲ ထိန်းထားပေးမည်ဟု TSMC က အတည်ပြုခဲ့ကြောင်း သိရသည်။

          TSMC ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ Dr. Somchai Harnhirun ၏ ပြောကြားချက်အရ ကမ္ဘာ့ပလတ်စတစ်ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သကြားထုပ်ပိုးရာတွင်သုံးသည့် အိတ်ခွံစျေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားသည်။ စက်သုံးဆီ စျေးနှုန်းများ ဆက်တိုက်မြင့်မားနေခြင်းကြောင့် ဂိုဒေါင်များသို့ ပို့ဆောင်ခြင်းနှင့် တစ်နိုင်ငံလုံးရှိ လက်လီဆိုင်များသို့ ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် သယ်ယူစရိတ်များ ပိုမိုကုန်ကျလျက်ရှိသည်။

          လုပ်ငန်းရှင်များသည် မြင့်တက်လာသော စရိတ်များကို တစ်လကျော်ကြာ ကိုယ်တိုင် အရှုံးခံ ထိန်းညှိပေးခဲ့သော်လည်း ရေရှည်တွင် လုပ်ငန်းလည်ပတ်မှု တည်ငြိမ်စေရန်အတွက် မေလ ၂၀၂၆ မှစ၍ စျေးနှုန်းကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်စုများ တိုက်ရိုက် ဝယ်ယူသည့် လက်လီစျေးနှုန်းကိုသာ မြှင့်တင်မည်ဖြစ်သည်။ အစားအသောက်၊ အချိုရည်နှင့် ဆေးဝါးထုတ်လုပ်သည့် စက်မှုလုပ်ငန်းများသို့ ရောင်းချသည့်စျေးနှုန်းကိုမူ ယခုအကြိမ်တွင် တိုးမြှင့်မည်မဟုတ်ကြောင်းသိရသည်။

         ဤသို့ခွဲခြားသတ်မှတ်ခြင်းမှာ သကြားကို ကုန်ကြမ်းအဖြစ်သုံးသော အခြားလူသုံးကုန် ပစ္စည်းများ စျေးနှုန်းလိုက်မတက်စေရန်နှင့် စီးပွားရေး ဟန်ချက်ညီစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု Dr. Somchai က ဆိုသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ တစ်နှစ်လျှင် သကြားတန်ချိန် ၁၁.၈ သန်းခန့် ထုတ်လုပ်နိုင်ပြီး ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၂.၃၅ သန်းခန့်ရှိကြောင်း သိရသည်။ TSMC အနေဖြင့် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် ကုန်ထုတ်လုပ်မှုစရိတ်များကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဈေးကွက်ယန္တရားနှင့်အညီ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Source : The Nation Thailand                                                             

DOCA (ရန်ကုန်)