ပြည်တွင်းထုတ်ကုန်များအားမောလ်များနှင့် လက်လီအရောင်းဆိုင်များသို့ရောက်ရှိရန် တွန်းအားပေးဆောင်ရွက်နေသည့် အင်ဒိုနီးရှား

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နှင့် ခေတ်မီလက်လီရောင်းချသူများအကြား စီးပွားရေးချိတ်ဆက်မှု (business matching) ကို ဆက်လက်တွန်းအားပေးလျက်ရှိပြီး ဒေသထုတ်ကုန် အမှတ် တံဆိပ်များအား စျေးဝယ်စင်တာများနှင့် မောလ်များအတွင်း ဝင်ရောက်ရောင်းချနိုင်စေရန် ကူညီပေးနေကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြည်တွင်းထုတ်ကုန်ဈေးကွက် မြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Dewi Rokhayati က အင်ဒိုနီးရှားထုတ်ကုန်များကို ပိုမိုဖြည့်တင်းရန်လိုအပ်သည့် department store တစ်ခုဖြစ်သည့် Alun-Alun Indonesia ကဲ့သို့သော ခေတ်မီလက်လီရောင်းချသူများနှင့် business matching ကို ၎င်းတို့တွန်းအားပေး ဆောင်ရွက်နေကြောင်း ဂျကာတာတွင် မေလ ၂၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ ၎င်း၏ ပြောကြားချက်အရ ခေတ်မီလက်လီရောင်းချရေးဆိုင်များတွင် နေရာရရှိနိုင်သည့် ဒေသထုတ်ကုန်နှင့် အမှတ်တံဆိပ်များသည် အရည်အသွေးမြင့်မားမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်မှုကို ပြသနေခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် ခိုင်မာစွာရပ်တည်နိုင်ပြီး နောင်တစ်ချိန်တွင် ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရန် ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ခြင်းနှင့် ထုတ်ကုန်နားလည်သဘောပေါက်မှုတိုးမြှင့်ခြင်းတို့မှာ အရေးကြီးကြောင်း Rokhayati က ပြောကြားခဲ့ပါသည်။ Rokhayati က Alun-Alun Indonesia ကဲ့သို့သော ခေတ်မီလက်လီရောင်းချရေးဆိုင်တွင် နေရာရရှိခြင်းသည် ထုတ်ကုန်အရည်အသွေးမြင့်မားပြီး အဆင့်တက်လာသည်ဟုဆိုလိုကြောင်း၊ ပြည်တွင်းဈေးကွက်တွင်စွမ်းဆောင်မှု ကောင်းမွန်နေသော ထုတ်ကုန်များကို ပို့ကုန်ဈေးကွက်သို့ ဆက်လက်တွန်းအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှုများနှင့် ဖန်တီးမှုထုတ်ကုန်များ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Ari Satria ကလည်း အင်ဒိုနီးရှားအစိုးရအနေဖြင့် ပြည်တွင်းထုတ်ကုန်နှင့် အမှတ်တံဆိပ်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စေရန် ဈေးကွက်ချဲ့ထွင်ရေး ကြိုးပမ်းမှုများကို အပြည့်အဝထောက်ခံပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဒေသယဉ်ကျေးမှုအခြေခံထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနိုင်စေရန်နှင့် အင်ဒိုနီးရှားပြည်သူများအကြားတွင်လည်း လူသိများလာစေရန် ကုန်သွယ်ရေးဝန်ကြီးဌာနက မားကက်တင်းပိုင်းကို သေချာပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် လက်မှုပစ္စည်းများနှင့် ရိုးရာအထည်အလိပ်များကဲ့သို့ အင်ဒိုနီးရှားဖန်တီးမှုထုတ်ကုန်များသည် ထူးခြားသောဒီဇိုင်း၊ လူနေမှုပုံစံနှင့် လက်မှုအတတ်ပညာများကို ထင်ဟပ်ထားခြင်းကြောင့် နိုင်ငံတကာဈေးကွက်တွင် စိတ်ဝင်စားမှုမြင့်မားပြီး အလားအလာကြီးမားကြောင်းနှင့်  ကမ္ဘာ့စားသုံးမှုလမ်းကြောင်းသည် ရေရှည်တည်တံ့နိုင်မှု၊ သဘာဝပစ္စည်းအသုံးပြုမှုနှင့် လက်မှုဖြင့်ပြုလုပ်ထားသော ထုတ်ကုန်များဘက်သို့ ပိုမိုရွေ့လျားလာနေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)