
အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာနသည် နိုင်ငံ၏ကော်ဖီလုပ်ငန်းတွင် ရှိပြီးသောအခြေခံကောင်း များကိုအသုံးချ၍ တန်ဖိုးမြှင့်ထုတ်ကုန်များပိုမိုထုတ်လုပ်ကာ စီးပွားရေးတိုးတက်မှုအပေါ် ကော်ဖီ ကဏ္ဍ၏ပါဝင်မှုကိုမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကော်ဖီကုန်ကြမ်းအလုံအလောက် ရရှိမှု၊ ပြည်တွင်းဈေးကွက် ကြီးမားမှုနှင့် ပို့ကုန်အခွင့်အလမ်းများပြားမှုတို့ကြောင့် ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ခိုင်မာသောအခြေခံရှိကြောင်း ၎င်းက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြား ခဲ့ပါသည်။ အင်ဒိုနီးရှားသည် ၂၀၂၅ ခုနှစ်တွင် ကော်ဖီတန်ချိန် ၈၃၄,၀၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့စတုတ္ထအကြီးဆုံး ကော်ဖီစေ့ထုတ်လုပ်သည့်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြုပြင်ထုတ်လုပ်ထားသည့်ကော်ဖီထုတ်ကုန်များကို နိုင်ငံပေါင်း ၈၀ ကျော်သို့ တင်ပို့လျက်ရှိသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းနှင့် တိုးချဲ့နိုင်မည့်အလားအလာမြင့်မားနေကြောင်း သိရပါ သည်။ ကော်ဖီလုပ်ငန်းသည် ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်မှ ပြုပြင်ထုတ်လုပ်သည့်အဆင့် အထိ အားသာချက်ရှိသည့်ကုန်စည်တစ်ရပ်ဖြစ်ပြီး ယင်းအားသာချက်ကို ပိုမိုမြင့်မားသော တန်ဖိုး ဖြည့်တင်းမှုအဖြစ်ပြောင်းလဲနိုင်ရေးမှာ အဓိကစိန်ခေါ်မှုဖြစ်ကြောင်း Kartasasmita က ပြောကြား ခဲ့ပါသည်။ ယင်းအတွက် ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများခိုင်မာစေရေး၊ ထုတ်ကုန်သစ်များ တီထွင် ထုတ်လုပ်ရေး၊ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေးနှင့် ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စက်မှုဝန်ကြီးဌာန စိုက်ပျိုးရေးထုတ်ကုန်တန်ဖိုး မြှင့်ထုတ်လုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Putu Juli Ardika ၏ အဆိုအရ အင်ဒိုနီးရှား ကော်ဖီပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းတွင် ဆက်လက်တိုးချဲ့နိုင်မည့် အလားအလာများစွာရှိနေ သေးကြောင်း သိရပါသည်။ ကော်ဖီပြုပြင်ထုတ်လုပ်ရေးစက်ရုံများ၏ တပ်ဆင်ထားသော ထုတ်လုပ်မှုစွမ်းရည်မှာ တစ်နှစ်လျှင် တန်ချိန် ၁.၈၁ သန်းခန့်ရှိသော်လည်း ၂၀၂၅ ခုနှစ်တွင် အမှန် တကယ်ထုတ်လုပ်နိုင်ခဲ့သည့်ပမာဏမှာ တန်ချိန် ၉၂၈,၀၀၀ ခန့်သာရှိသဖြင့် စက်ရုံအသုံးချနိုင်မှု နှုန်းမှာ ၅၁ ရာခိုင်နှုန်းခန့်သာရှိခဲ့ကြောင်း သိရပါသည်။ အစိုးရသည် ယင်းအသုံးချနိုင်မှုနှုန်းကို ၂၀၂၉ ခုနှစ်တွင် ၈၆.၆ ရာခိုင်နှုန်းအထိ မြှင့်တင်ရန်ရည်မှန်းထားပြီး ရှိပြီးသောထုတ်လုပ်မှု စွမ်းရည်များကို အကောင်းဆုံးအသုံးချနိုင်ရေးကို မူဝါဒအရအဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါသည်။ ကုန်သွယ်ရေးကဏ္ဍတွင်လည်း အင်ဒိုနီးရှား၏ ပြုပြင်ထုတ်လုပ် ထားသော ကော်ဖီထုတ်ကုန် များသည် တိုးတက်မှုရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားသည် Premix ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၄.၇ သန်း ရရှိခဲ့ပြီး ကမ္ဘာ့ ဈေးကွက်၏ ၁၇.၅၄ ရာခိုင်နှုန်းရှယ်ယာဖြင့် ကမ္ဘာ့အကြီးဆုံး Premix ကော်ဖီတင်ပို့သည့်နိုင်ငံ ဖြစ်ခဲ့ကြောင်း သိရပါသည်။ အလားတူ အသင့်ဖျော်ကော်ဖီ (Instant Coffee) တင်ပို့မှုတွင်လည်း အင်ဒိုနီးရှားသည် ကမ္ဘာ့ထိပ်တန်းငါးနိုင်ငံအတွင်းပါဝင်ခဲ့ပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၅ သန်းနှင့် ကမ္ဘာ့ဈေးကွက်ဝေစု ၅.၈၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား ကော်ဖီပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း၏ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စွမ်းကို ဗဟိုဂျာဗားပြည်နယ် Semarang မြို့ရှိ ကော်ဖီထုတ်လုပ်ရေးကုမ္ပဏီ PT Santos Jaya Abadi သို့ မကြာသေးမီက သွားရောက်လေ့လာမှုတွင် ထင်ရှားစွာတွေ့မြင်ရကြောင်း စက်မှုဝန်ကြီးဌာန အဖျော်ယမကာ၊ ဆေးရွက်ကြီးနှင့် စားသောက်ကုန်လုပ်ငန်း ညွှန်ကြားရေးမှူး Merrijantij Punguan Pintaria က ပြောကြားခဲ့ပါသည်။ ပြည်တွင်းထွက်ကော်ဖီကုန်ကြမ်းများအသုံးပြုခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ် များတွင် ခေတ်မီနည်းပညာနှင့် စက်ယန္တရားများအသုံးပြုခြင်း၊ ဈေးကွက်ဝယ်လိုအားအမျိုးမျိုးကို ဖြည့်ဆည်းနိုင်ရန် ထုတ်ကုန်အမျိုးအစားများ တိုးချဲ့ထုတ်လုပ်ခြင်းတို့သည် ယင်းတိုးတက်မှုကို ဖော်ပြနေကြောင်း သိရပါသည်။ ကမ္ဘာ့ဈေးကွက်အခွင့်အလမ်းများကို အပြည့်အဝအသုံးချနိုင်ရန် စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းကော်ဖီထုတ်ကုန်များအတွက် စံချိန်စံညွှန်းသတ်မှတ်မှု၊ အစားအသောက်ဘေးကင်းလုံခြုံရေး၊ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုလမ်းကြောင်းခြေရာခံနိုင်မှု၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များရရှိရေး၊ ရေရှည်တည်တံ့သောထုတ်လုပ်မှုနှင့် အမှတ် တံဆိပ်ဖွံ့ဖြိုးရေးတို့ကို ပိုမိုအားကောင်းစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
