၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့သည့်အိန္ဒိယနှင့် ဗီယက်နမ်

Powered by Drupal

    ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့ပြီး ယမန်နှစ်တစ်နှစ်လုံး၏ ကုန်သွယ်မှုပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် ကုန်သွယ်ရေးအကြံပေး Bui Trung Thuong က နယူးဒေလီရှိ ဗီယက်နမ်သတင်းအေဂျင်စီ (VNA) သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းရာတွင် ယခုနှစ်ပထမခြောက်လအတွင်း ဗီယက်နမ်က ကုန်သွယ်ရေးပိုငွေဆက်လက်ရရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ရှိကြောင်း ပြောကြား ခဲ့ပါသည်။ အဓိကပို့ကုန်များအနက် ကော်ဖီတင်ပို့မှုမှာ သိသိသာသာတိုးတက်ခဲ့ပြီး ဗီယက်နမ်၏ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကိုလည်း အိန္ဒိယစားသုံးသူများက ပိုမိုယုံကြည်လက်ခံ လာကြောင်း သိရပါသည်။ ထို့ပြင် မိုဘိုင်းဖုန်း၊ အစိတ်အပိုင်းများ၊ စက်ယန္တရားနှင့် စက်ပစ္စည်း များကဲ့သို့ ကမ္ဘာ့တန်ဖိုးကွင်းဆက်နှင့် ဆက်စပ်သည့်ထုတ်ကုန်များလည်း တိုးတက်လာကြောင်း သိရပါသည်။ ယင်းအခြေအနေသည် ဗီယက်နမ်နှင့် အိန္ဒိယစီးပွားရေးများအကြား အပြန်အလှန် ဖြည့်ဆည်းပေးနိုင်မှု ဆက်လက်ရှိနေကြောင်းကိုဖော်ပြနေပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း အိန္ဒိယဈေးကွက်အပေါ် စိတ်ဝင်စားမှုပိုမိုမြင့်တက်လာကြောင်း Bui Trung Thuong က ပြောကြားခဲ့ပါသည်။ မေလအစောပိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ To Lam အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် များသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံရေးကိုအရှိန်မြှင့်ပေးခဲ့ပြီး လက်တွေ့ရလဒ် များလည်းပေါ်ထွက်လာနေပြီဖြစ်ကြောင်း ၎င်းကဆိုပါသည်။ ဗီယက်နမ်မော်တော်ယာဉ်ထုတ်လုပ် သူ VinFast သည် အိန္ဒိယဈေးကွက်တွင်ရင်းနှီးမြှုပ်နှံကာ ကနဦးအောင်မြင်မှုများ ရရှိနေသည့် အချက်ကိုလည်း ဥပမာအဖြစ် ၎င်းကဖော်ပြခဲ့ပါသည်။ အထူးသဖြင့် မော်တော်ယာဉ်ကဏ္ဍကဲ့သို့ သောလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းသည် နှစ်နိုင်ငံကုန်သွယ်ရေးကိုပါ အားပေး မည်ဖြစ်ကြောင်း သိရပါသည်။ သို့သော် နှစ်နိုင်ငံအကြား အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အားသာချက်များကို အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘော တူညီချက် သီးခြားမရှိသေးခြင်းတို့သည် အဓိကအတားအဆီးများဖြစ်ကြောင်း ၎င်းကထောက်ပြ ခဲ့ပါသည်။ ထို့ပြင် အိန္ဒိယ၏တင်းကျပ်သည့်စံချိန်စံညွှန်းများနှင့် စည်းမျဉ်းများကြောင့် ဗီယက်နမ် ကုမ္ပဏီအချို့အနေဖြင့် စက်မှုထုတ်ကုန်များအတွက် Bureau of Indian Standards (BIS) အသိအမှတ်ပြုလက်မှတ်နှင့် အစားအသောက်များအတွက် အစားအသောက်ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုလက်မှတ်ရရှိရန် အခက်အခဲများရှိနေကြောင်း သိရပါသည်။ အဆိုပါစိန်ခေါ်မှုများ ရှိနေသော်လည်း ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ တိုးမြှင့်ရန်ရည်မှန်းချက်သည် နှစ်ဖက်စလုံးက ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပါက အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း Bui Trung Thuong က ပြောကြားခဲ့ ပါသည်။ နှစ်နိုင်ငံစီးပွားရေးများအကြား အသုံးချနိုင်ခြင်းမရှိသေးသည့် အပြန်အလှန်ဖြည့်ဆည်း နိုင်သည့်အားသာချက်များနှင့် ဦးဆောင်ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အခြား လုပ်ငန်းများပါ အိန္ဒိယဈေးကွက်သို့ဝင်ရောက်လာနိုင်မည့်အလားအလာများရှိကြောင်း ၎င်းက ဆိုပါသည်။ လက်ရှိတွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများစွာကို ပံ့ပိုးပေးလျက်ရှိပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကလည်း အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများကို တက်ကြွစွာ ရှာဖွေလျက်ရှိကြောင်း သိရပါသည်။

DOCA (ရန်ကုန်)