နယူးဇီလန် ကြက်သွန်နီများ ယခုရာသီတွင် လက်လီသုံးစွဲသူများမှ ဝယ်လိုအား ပိုမိုကောင်းမွန်ခဲ့

Powered by Drupal

နယူးဇီလန် ကြက်သွန်နီများ၏ နောက်ဆုံးကွန်တိန်နာတင်ပို့မှုကို ယခုသီတင်းပတ်တွင် ဗီယက်နမ်နိုင်ငံရှိ Truong An Trading Service and Import & Export တွင် လက်ခံရရှိခဲ့ကြောင်း၊ နယူးဇီလန် ကြက်သွန်နီ တင်သွင်းမှုသည် ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ကြာမြင့်လေ့ရှိကြောင်း၊ Truong An Trading မှ အရောင်း၊ ဝယ်ယူရေး၊ ဈေးကွက်နှင့် လုပ်ငန်း ဆောင်ရွက်ရေး ညွှန်ကြားရေးမှူး Tran Van Chuc က ယခုရာသီတွင် လက်လီသုံးစွဲသူတွေဆီမှ ဝယ်လိုအား အလွန်ကောင်းမွန်ခဲ့ကြောင်း၊  လက်လီစျေးကွက်တွင် ကြက်သွန်နီ၏ ထွက်ရှိရာ မူရင်း နိုင်ငံကို စနစ်တကျဖော်ပြထားပြီး ဗီယက်နမ် စားသုံးသူများသည် နယူးဇီလန် ကြက်သွန်နီများ၏ အရည်အသွေးနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းမှု အဆင့်အတန်းကို ယုံကြည်မှုရှိ ကြောင်း သိရှိရသည်။

   Truong An Trading သည် နယူးဇီလန် ကြက်သွန်နီများကို လက်လီဝယ်ယူသူများထံ အဓိကဖြန့်ဖြူးပေးနေသော်လည်း ယင်းတို့သည် အမြင့်ဆုံးအဆင့်ထုတ်ကုန် မဟုတ်ကြောင်း၊ ယေဘုယျအားဖြင့် အရည်အသွေးမှာ အလွန်ကောင်းမွန်သော်လည်း ရာသီကုန်ခါနီးတွင် အရည် အသွေးအနည်းငယ် လျော့ကျသွားကြောင်း မစ္စတာ Van Chuc ၏ ပြောကြားချက်အရ သိရှိရသည်။

     နယူးဇီလန် ကြက်သွန်နီများသည် အဆင့် (၁) ထုတ်ကုန်ဖြစ်ပြီး စံချိန်စံညွှန်း အားလုံးနှင့် ကိုက်ညီပြီး ဗီယက်နမ် စားသုံးသူများသည်လည်း ၎င်းတို့၏အရသာကို ကြိုက်နှစ်သက်ကြကြောင်း၊ ဗီယက်နမ် ကြက်သွန်နီ စျေးကွက်မှာ ပြိုင်ဆိုင်မှုပြင်းထန်ကြောင်း၊ နယူးဇီလန် တင်သွင်းမှုနှင့် အချိန်တစ်ခုတည်းမှာ ရရှိနိုင်သည့် အခြားအရင်းအမြစ် နှစ်ခုရှိပါကြောင်း၊ ယင်းမှာ ဒေသထွက် ဗီယက်နမ် (ဒါလတ်) ကြက်သွန်နီများနှင့် တရုတ်ကြက်သွန်နီများ ဖြစ်ကြကြောင်း သိရှိရသည်။

    တရုတ် ကြက်သွန်နီများ၏ အရည်အသွေးသည်ကောင်းမွန်ပြီး ဆိုဒ်အရွယ်အစား ညီညာ သော်လည်း ဒါလတ် ကြက်သွန်နီများမှာ အမြဲတမ်းတည်ငြိမ်မှုမရှိသကဲ့သို့ လတ်ဆတ်မှုလည်း နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်လည်း ဒါလတ် ကြက်သွန်နီများသည် လက်ရှိတွင် နယူးဇီလန် ကြက်သွန်နီများထက် စျေးပိုရနေပါကြောင်း၊ ရာသီသစ် ဒါလတ် ကြက်သွန်နီများသည် ဒီဇင်ဘာလတွင် စျေးကွက်ထဲသို့ စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မစ္စတာ Van Chuc သည် လာမည့်လတွင် ပထမဆုံး ရောက်ရှိလာမည့် ဒတ်ချ် (နယ်သာလန်) ကြက်သွန်နီများကို လက်ခံရရှိ ရန် မျှော်လင့်စောင့်စားလျက်ရှိကြောင်း သိရှိရသည်။

Source: Fresh Plaza, September 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)