အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ ၂၀၂၆ တွင် ဆန်အမျိုးအစား ၂၀၀ အထိ ပါဝင် ပြသသွားမည့် ကမ္ဘာလုံးဆိုင်ရာ ဆန်မှတ်တမ်းကို မိတ်ဆက်မည်

Powered by Drupal

     အိန္ဒိယဆန်တင်ပို့သူများသည် နိုင်ငံ၏ဆန်တင်ပို့မှု အမျိုးအစားများကို ပိုမိုကျယ်ပြန့်လာ စေရန်နှင့် ဈေးကွက်အသစ်များသို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်လျက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ဆန်မှတ်တမ်းကို ဖန်တီးသွားမည်ဖြစ်သည်။ အဆိုပါ မှတ်တမ်းတွင် စီးပွားရေးအရ အရေးပါသော အိန္ဒိယနိုင်ငံထုတ်နှင့် နိုင်ငံတကာဆန်မျိုးကွဲ စုစုပေါင်း ၂၀၀ ခန့်ကို တစ်နေရာ တည်းတွင် စုစည်းပြသသွားမည်ဖြစ်ပြီး Bharat International Rice Conference (BIRC) 2026 တွင် မိတ်ဆက်ပြသသွားမည်ဖြစ်သည်။

     အိန္ဒိယဆန်တင်ပို့သူများအဖွဲ့ချုပ် (IREF) ၏ ပြောကြားချက်အရ အဆိုပါ မှတ်တမ်းပြခန်းကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ နယူးဒေလီမြို့ရှိ Bharat Mandapam ၌ ကျင်းပမည့် BIRC 2026 တွင် စတင်မိတ်ဆက်သွားမည်ဖြစ်ပြီး နိုင်ငံတကာဝယ်ယူသူများအနေဖြင့် တင်ပို့သူများ၊ ထုတ်လုပ်သူများနှင့် တိုက်ရိုက်မချိတ်ဆက်မီ ဆန်စေ့၏လက္ခဏာများ၊ အသွင်အပြင်၊ ဆန်စက်ပြုပြင်မှုပုံစံများနှင့် ထွက်ရှိရာဒေသများအပေါ် မူတည်၍ အမျိုးအစားများကို နှိုင်းယှဉ် လေ့လာနိုင်မည် ဖြစ်သည်။

     “200 Varieties. One Cultural Landscape” ဟူသည့် ဆောင်ပုဒ်ဖြင့် ဖန်တီးထားသော Global Rice Archive သည် အဆိုပါညီလာခံတွင် ပါဝင်မည့် အတွေ့အကြုံအခြေပြု ပြခန်းဇုန် ၉ ခု အနက် တစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။ အဆိုပါမှတ်တမ်းတွင် ဆန်ကို ကုန်သွယ်မှုပြုသည့် ကုန်စည်တစ်မျိုးအဖြစ်သာမက ပထဝီဝင်အနေအထား၊ ဇီဝမျိုးစုံမျိုးကွဲများ၊ အစားအသောက်ဆိုင်ရာ ရိုးရာဓလေ့များနှင့် ဆန်စိုက်ပျိုးထုတ်လုပ်သည့် နည်းလမ်းများနှင့် ဆက်စပ်သည့် အခြေအနေများ အရပါ ခင်းကျင်းပြသသွားမည်ဖြစ်သည်။

    အဆိုပါပြခန်းတွင် အိန္ဒိယ၏ Basmati အမျိုးအစားများ၊ အနံ့မွှေးသည့် ရှေးဟောင်း အမွေ အနှစ် ဆန်စေ့များ၊ ဆန်မည်း၊ ဆန်နီနှင့် အခြားဒေသထွက် အထူးဆန်များအပြင် အီတလီ၏ Arborio၊ ထိုင်း၏ Jasmine နှင့် Glutinous RD6 အပြင် ဂျပန်၏ Sushi Rice ကဲ့သို့သော နိုင်ငံတကာ ဆန်အမျိုးအစားများကိုပါ ထည့်သွင်းပြသသွားမည်ဖြစ်သည်။ IREF အနေဖြင့် ဤ အစီ အစဉ်သည် အိန္ဒိယဆန်တင်ပို့သူများအတွက် ထုတ်ကုန်သစ်များ ရှာဖွေတွေ့ရှိနိုင်သည့် ပလပ်ဖောင်းတစ်ခု အဖြစ် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ထားပြီး လက်ရှိတွင် အိန္ဒိယဆန် အမျိုးအစား အနည်းငယ် ကိုသာ ဝယ်ယူနေသည့် ဝယ်ယူသူများအား မိမိတို့ဈေးကွက်နှင့် သင့်တော်မည့်အထူးဆန်များ၊ အနံ့ မွှေးဆန်များနှင့် Basmati မဟုတ်သော ဆန်များကို ရှာဖွေရွေးချယ်ရာတွင် ကူညီပေးနိုင်မည် ဖြစ်သည်။

    ဆန်ကို ဈေးနှုန်းတစ်ခုတည်းဖြင့် ကြည့်ရှု၍  ဝယ်ယူခြင်းမဟုတ်ဘဲ ဆန်စေ့၏ လက္ခဏာ၊ ချက်ပြုတ်မှုပုံစံ၊ ဟင်းလျာနှင့် စားသုံးသူ၏ နှစ်သက်မှုတို့အပေါ်မူတည်၍ ဝယ်ယူခြင်းဖြစ်ကြောင်း၊  ပထမဆုံးအကြိမ်အဖြစ် BIRC ကို လာရောက်မည့် ကမ္ဘာ့ဝယ်ယူသူတစ်ဦးသည် စီးပွားရေးအရ အရေး ပါသော ဆန်အမျိုးအစား အမြောက်အမြားကို တစ်နေရာတည်းတွင် ကြည့်ရှုခြင်း၊ နှိုင်းယှဉ်ခြင်း၊ ရောင်းချသူများနှင့် ချက်ချင်းချိတ်ဆက်နိုင်ခြင်းတို့အား ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း IREF ၏ ကိုယ်စားလှယ် Dev Garg က ပြောကြားခဲ့သည်။

     ပြခန်းတွင် ပြသသွားမည့် အိန္ဒိယ၏ စီးပွားဖြစ် တင်ပို့သည့် ဆန်များတွင် 1121, 1718, 1509 နှင့် 1401 Basmati၊ Pusa Basmati၊ Sugandha၊ Sharbati၊ PR-11၊ PR-14၊ Parmal နှင့် Sona Masoori တို့ ပါဝင်မည်ဖြစ်သည်။ ထိုဆန်မျိုးကွဲများကို ဆန်ကြမ်း၊ ပေါင်းဆန်၊ ဆန်လုံးခွဲ/ အခွံခွာပြီး ပြုပြင်ထားသော Sella နှင့် Golden Sella စသည့် ထုတ်လုပ်ပြုပြင်မှု ပုံစံများအလိုက် ခင်းကျင်း ပြသသွားမည်ဖြစ်သည်။ Rice Archive သည် ထုတ်ကုန်သစ်များ ရှာဖွေရာတွင် အရေးပါသည့် နည်းလမ်းတစ်ရပ် ဖြစ်လာနိုင်သကဲ့သို့ အိန္ဒိယအနေဖြင့် အစဉ်အလာအရ တင်ပို့နေသည့် အမျိုး အစားများနှင့် ဈေးကွက်များ၏ အလွန်အထိ အကွာအဝေး တိုးချဲ့တင်ပို့နိုင်ရန် ကူညီပေးနိုင်မည် ဟု ယုံကြည်ထားပါကြောင်း Dev Garg က ပြောကြားခဲ့သည်။

   ဤပြခန်းသည် BIRC 2026 ၏ စနစ်တကျ ရေးဆွဲထားသော စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်သည့် (B2B) အစီအစဉ်ကို ပိုမိုပြည့်စုံစေမည်ဖြစ်ပြီး နိုင်ငံတကာမှ လာရောက်ကြည့်ရှု သူများအား ဆန်အမျိုးအစားများကို လေ့လာရွေးချယ်ခြင်းမှသည် ဖြစ်နိုင်ခြေရှိသော ရောင်းချသူ များကို ရှာဖွေခြင်းနှင့် ညီလခံအခမ်းအနားအတွင်း၌ပင် အရောင်းအဝယ် ကိစ္စရပ်များကို ဆွေးနွေး ခြင်းအထိ ဆောင်ရွက်နိုင်စွမ်း ရှိစေမည်ဖြစ်သည်။

    အတွေ့အကြုံသစ်ပေးနိုင်မည့် Experience Zones များကို Rice Sector Vision 2047 နှင့် အတူ BIRC 2026 ၏ ဖွင့်ပွဲနေ့တွင် တရားဝင် မိတ်ဆက်သွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနား တွင် အသိပညာပေး ဆွေးနွေးပွဲများ၊ နည်းပညာဆန်းသစ်မှု ပြပွဲများ၊ ဝယ်ယူသူနှင့် ရောင်းချသူများ တွေ့ဆုံပွဲများနှင့် ဆန်ပွဲတော် (Rice Festival) တို့ ပါဝင်မည် ဖြစ်သည်။

Source: The Hindu Business Line, September 22, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)