
အိန္ဒိယအစိုးရသည် ပြည်တွင်းစျေးကွက်၌ စားသုံးဆီစျေးနှုန်းများလျော့ကျစေရန် နေကြာ ဆီ၊ စားအုန်းဆီနှင့် ပဲပုပ်ဆီများ၏ ကုန်ကြမ်းနှင့် သန့်စင်ပြီးဆီများအပေါ် သွင်းကုန်အခွန်နှုန်းထား များကို လျှော့ချခဲ့သည်။ ထိုသွင်းကုန်အခွန်နှုန်းများလျှော့ချခြင်းသည် စက်တင်ဘာလ ၂၄ ရက်မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်သည်။
ပဲပုပ်ဆီကြမ်းနှင့် စားအုန်းဆီကြမ်းတို့အပေါ်ကောက်ခံသည့် အခြေခံအခွန်နှုန်းထား (BCD) များကို ၁၀ % မှ ၅ % ၊ သန့်စင်ပြီး ပဲပုပ်ဆီနှင့် စားအုန်းဆီတို့၏ အခြေခံအခွန်နှုန်းထားများကို ၃၂.၅ % မှ ၂၇.၅ % သို့ လျှော့ချခဲ့သည်။ ထို့အပြင် နေကြာဆီကြမ်းအပေါ် ယခင်က ကောက်ခံခဲ့သည့် အခြေခံအခွန်နှုန်းထား ၁၀ % ကို ပယ်ဖျက်ခဲ့ပြီး သန့်စင်ပြီးနေကြာဆီ၏ အခွန်နှုန်းထားကို ၃၂.၅ % မှ ၂၂.၅ % သို့ လျှော့ချလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ၏ အစားအသောက်ဆိုင်ရာ စျေးနှုန်းညွှန်းကိန်း (CFPI) သည် ဇူလိုင်လတွင် ၅.၅၂ % ရှိခဲ့ရာမှ သြဂုတ်လတွင် ၅.၉၅ % အထိမြင့်တက်ခဲ့သည်။ ၎င်းအပြင် အစားအသောက် ကဏ္ဍတွင် သုံးစွဲမှုအများဆုံးဖြစ်သော စားသုံးဆီ(သန့်စင်ပြီး) ၏ လက်လီစျေးနှုန်းဖောင်းပွမှုသည် မတ်လတွင် ၇.၆၂ % ရှိခဲ့ပြီး ဧပြီလတွင် ၁၀.၂၅ % သို့ ရောက်ရှိခဲ့ကာ သြဂုတ်လတွင် ၁၄.၂၄ % အထိ မှတ်တမ်းတင်ခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်ပြီး အထူးသဖြင့် ပွဲတော်ရာသီ မတိုင်မီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်သူများအသင်း (IVPA) ၏ ဥက္ကဌ Sudhakar Desai က ပြောကြားခဲ့သည်။ သို့သော် အခွန်နှုန်းထားလျှော့ချမှု၏ အကျိုးသက်ရောက်မှုသည် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များသာမက အပြည်ပြည်ဆိုင်ရာ ကုန်စည်စျေးနှုန်းများ၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ၊ ငွေကြေးလဲလှယ်နှုန်း အပြောင်း အလဲများ၊ ပြည်တွင်းရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုအပါအဝင် များစွာသော အကြောင်းကိစ္စများ အပေါ်တွင် မူတည်နေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
သွင်းကုန်ခွန်လျှော့ချမှုသည် တင်သွင်းသော စားသုံးဆီများ၏ ကုန်ကျစရိတ်ကို လျော့ချနိုင်ပြီး သုံးစွဲသူများ၏ စျေးနှုန်းများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လာမည့် ပွဲတော်ရက်များအတွင်း နိုင်ငံတစ်ဝှမ်း စားသုံးဆီလုံလောက်မှုရှိစေရန်နှင့် ဝယ်လိုအား မြင့်တက် လာခြင်းကြောင့် အဆာပြေမုန့်များ၊ အစားအသောက်ဝန်ဆောင်မှုနှင့် HORECA အပိုင်းများ၏ လိုအပ်ချက်များ တိုးလာခြင်းကြောင့် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍဖြစ်ကြောင်း Mr. Desai က ပြောကြားခဲ့သည်။
အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများရှိ စားသုံးဆီလုပ်ငန်းများသည် နီပေါနိုင်ငံမှ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများကြောင့် ဖိအား များနှင့် ရင်ဆိုင်နေရပါသည်။ ယင်းမှာ အိန္ဒိယနိုင်ငံ၏ အကောက်ခွန်နှုန်းထားများနှင့် ကွာဟမှုကို အသုံးချ၍ အကောက်ခွန်အကျိုးအမြတ် ရရှိနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ နီပေါနိုင်ငံ ထုတ်ကုန် များသည် ပြည်တွင်း၌ သန့်စင်ထုတ်လုပ်သည့် ဆီများထက် ဈေးနှုန်းအရ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိ နေမည်ဖြစ်သဖြင့် အဆိုပါအခြေအနေသည် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပါသည်။ ထို့ကြောင့် IVPA သည် SAFTA နိုင်ငံများမှ အကောက်ခွန် ကင်းလွတ်ခွင့် အပေါ် တင်သွင်းခွင့်ပမာဏ (import quota) သတ်မှတ်ရန် တောင်းဆိုလျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ Solvent Extractors’ အသင်း (SEA) သည် စက်တင်ဘာ ၂၁ ရက်၌ အစိုးရ အဆင့်မြင့်အရာရှိများနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ကမ္ဘာ့စားသုံးဆီကဏ္ဍ၌ ဖြစ်ပေါ် လာနိုင်သည့် မတည်ငြိမ်မှုအလားအလာများကို မီးမောင်းထိုးပြခဲ့သည်။ အသင်းဝင်များထံ လစဉ် ပေးပို့သည့်စာတွင် လက်ရှိ စားသုံးဆီသိုလှောင်မှုနှင့် ထောက်ပံ့မှုအခြေအနေကို အစိုးရအား အသိ ပေးခဲ့ကြောင်း SEA ၏ ဥက္ကဋ္ဌ Sanjeev Asthana က ပြောကြားခဲ့သည်။
လုပ်ငန်းကဏ္ဍအနေဖြင့် ရှေ့တွင်ဖြစ်ပေါ်နိုင်သည့် မတည်ငြိမ်မှုများကို ဖော်ပြရာတွင် အယ်လ်နီညို၏ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှု၊ ရုရှား-ယူကရိန်း ပဋိပက္ခအကြား နေကြာဆီ ထောက်ပံ့မှုဆိုင်ရာ မသေချာမှုများ ဆက်လက်ရှိနေခြင်းနှင့် အင်ဒိုနီးရှား၏ B50 ဇီဝဒီဇယ်အစီအစဉ် တို့သည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီစျေးကွက်မျှတမှုကို ပြောင်းလဲစေနိုင်သည်ဟု ၎င်းက ဆိုသည်။ ယင်းအခြေအနေများကြောင့် လာမည့်လများတွင် ပဲပိစပ်နှင့် ပဲပုပ်ဆီ၏ မဟာဗျူဟာဆိုင်ရာ အရေးပါမှုကို မြှင့်တင်နိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ စားသုံးဆီတင်သွင်းမှုသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (နိုဝင်ဘာ-အောက်တိုဘာ) ပထမ ၁၀ လအတွင်း ၄.၅၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စားအုန်းဆီနှင့် ပဲပုပ်ဆီ တင်သွင်းမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
SEA ၏ စုစည်းထားသည့် အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း စားသုံးဆီတန်ချိန် ၁၃၆.၁၉ သိန်း တင်သွင်းခဲ့ပြီး ယခင်နှစ်အလားတူကာလတွင် တန်ချိန် ၁၃၀.၂၄ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် မြင့်တက်လာခြင်းဖြစ်သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပထမ ၁၀ လအတွင်း စားအုန်းဆီတင်သွင်းမှုသည် တန်ချိန် ၆၅.၃၄ သိန်းဖြစ်ပြီး ယခင်နှစ် အလားတူကာလတွင် တန်ချိန် ၆၁.၄၇ သိန်း ရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါကာလအတွင်း ပဲပုပ်ဆီ တင်သွင်းမှုသည် တန်ချိန် ၄၄.၆၄ သိန်းမှ ၄၅.၆၁ သိန်း၊ နေကြာဆီ တင်သွင်းမှုသည် တန်ချိန် ၂၄ သိန်းမှ ၂၅.၁၅ သိန်း အထိ မြင့်တက်လာခဲ့ကြောင်း သိရှိ ရသည်။
Source: The Hindu Business Line, September 23, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
