အုတ်တွင်းမြို့တွင် MSMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၂ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တက်ရောက်၍ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များ၏မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်ကလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်အတူ MSMEs ထုတ်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ရှာဖွေဖော်ထုတ်ပေးနိုင်မည့် အခြေအနေများကိုဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသောလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တဝန်ရှိသူများနှင့် အုတ်တွင်းမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင် ၂၄ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)