ရွှေဘိုပေါ်ဆန်း GI ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း GI ရရှိရေးကိစ္စများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ငွေမှ GI ရရှိရေး Project နှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် ရွှေဘိုခရိုင် ဦးစီးမှူးရုံး၌ ၉.၇.၂၀၂၀ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲတွင် National Project Coordinator ဦးခင်မောင်ထွန်းမှ ရွှေဘိုပေါ်ဆန်း GI ရရှိရေး Project အတွက် အခြေခံသည့် ဆန်စက်ပိုင်/ဆန်ကုန်သည်စာရင်းနှင့် ဆက်စပ်လုပ်ငန်းများကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ နယ်နိမိတ်ဧရိယာ လတ္တီကျူ့၊ လောင်ဂျီကျူ့ သတ်မှတ်နိုင်ရေးကိစ္စများကို ယခင်ပြီးခဲ့သော work shop ၌ ဆွေးနွေးခဲ့ကြောင်း၊ ရွှေဘိုမြို့သည် (Square) မဟုတ်သည့် အတွက် မြေပြင်၌ ဆည်ရေသောက်ဧရိယာရှိသော်လည်း စိုက်ပျိုးသူတောင်သူများက ရွှေဘိုပေါ်ဆန်းတစ်မျိုးတည်းမစိုက်ဘဲ အခြားစပါးများလည်း စိုက်ပျိုးသည့်အတွက် ရွှေဘိုခရိုင်အတွင်းရှိ (၆)မြို့နယ်မှ ဆည်ရေသောက်ဧရိယာကိုသာ ဖြတ်ဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ National Project Coordinator ဦးခင်မောင်ထွန်းက ရွှေဘိုပေါ်ဆန်း GI ရရှိရေးနှင့်ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် work shop တစ်ခု ဆောင်ရွက်ရန်ရှိကြောင်း ၊ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး အပါအဝင် နေပြည်တော်ရှိ တီထွင်ဆန်းသစ်မှုနှင့်သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့တာဝန်ခံ ၊ JICA ဝန်ထမ်းများ၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ရွှေဘိုပေါ်ဆန်း စပါးစိုက်တောင်သူများ၊ မျိုးစေ့ထုတ်တောင်သူများ ၊ ဆန်စက်ပိုင်များအား ဆွေးနွေးရန် ဖိတ်ကြားမည်ဟု သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန