(၂၁) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပ

Powered by Drupal

          မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အဓိက ဆက်သွယ်ဆောင်ရွက်ရသည့် (Focal) ဌာနဖြစ်ပါသည်။ အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီအစည်းအဝေးများကို တစ်နှစ်လျှင် ၂ ကြိမ် အဖွဲ့ဝင် နိုင်ငံများတွင် အလှည့်ကျ ကျင်းပပြုလုပ်လျက်ပါသည်။ ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ပျံ့နှံ့ ဖြစ်ပွားလျက်ရှိသောကြောင့် ယခုနှစ်အတွင်းကျင်းပရမည့် (၂၁) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများလည်း စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) နေပြည်တော်မှနေ၍ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အလှည့်ကျ ဥက္ကဌ ဖြစ်သူ လာအိုနိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Khouanchay Iemsouthi ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများဖြစ်သည့် ဂျာမဏီ၊ ဩစတြေးလျနိုင်ငံစားသုံးသူဌာနများမှ ကိုယ်စားလှယ်များ၊ UNCTAD နှင့် GIZ မှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါအစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) (ASEAN Strategic Action Plan for Consumer Protection 2016-2025) အား အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ ACCP ၂၀၂၀ ပြည့်နှစ်အတွင်း ဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်မည့် ဦးစားပေးကဏ္ဍများချမှတ်မှု၊ အဖွဲ့ဝင်နိုင်ငံများ၏ စားသုံးသူကာကွယ်ရေးဥပဒေဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ဖွဲ့စည်းမှု၊ အဖွဲ့ဝင်နိုင်ငံများတွင် စားသုံးသူအငြင်းပွားမှုများအား အွန်လိုင်းမှတစ်ဆင့် ဖြေရှင်းနိုင်ရေး ဆောင်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

စားသုံးသူရေးရာဌာနခွဲ