ဇမ်ဘီယာနိုင်ငံအလယ်ပိုင်းရှိ ၁၀၀မဂ္ဂါဝပ် ဆိုလာစီမံကိန်းကို တရုတ်ကုမ္ပဏီက ဆောင်ရွက်သွားမည်

      ဇမ်ဘီယာနိုင်ငံအစိုးရသည် နိုင်ငံ၏အလယ်ပိုင်း Chisamba ခရိုင်တွင် ၁၀၀မဂ္ဂါဝပ်ရှိသော နေရောင်ခြည်စွမ်းအင်သုံး Photovoltaic ပရောဂျက်ကိုတည်ဆောက်ရန် တရုတ်ကုမ္ပဏီ Power China International Group ကို ရွေးချယ်ခဲ့သည်။

         Kariba North Bank Extension Power Corporation မှဆောင်ရွက်သော အဆိုပါ စီမံကိန်းသည် ဇမ်ဘီယာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းရည်ကိုမြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေးအခွင့်အလမ်းများကို ဖွင့်လှစ်ပေးနိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။

       ဇမ်ဘီယာ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအေဂျင်စီသည် ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများပြုလုပ်ပြီးနောက် တရုတ်ကုမ္ပဏီမှာ လုပ်ငန်းခွင်တွင် လုပ်ငန်းများစတင်နေပြီဖြစ်သည်။ မြေနေရာ ၁၀၆ဟက်တာအား ရှင်းလင်းခြင်း ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် စက်ယန္တရားများအသုံးပြု၍ ဆင့်ပွားရှင်းလင်းခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ပရောဂျက်ဒီဇိုင်းများအားအပြီးသတ်ပြီး စာရွက်စာတမ်းအတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။

         စွမ်းအင်ဝန်ကြီး Peter Kapala က ဇမ်ဘီယာအစိုးရသည် နိုင်ငံအတွင်း ကြုံတွေ့နေရသော လျှပ်စစ်လိုငွေပြမှု၏ ဆိုးကျိုးများကိုလျော့ပါးစေရန် ရေတိုရေရှည်အစီအမံများကို အကောင်အထည်ဖော်နေကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ ယင်းအစီအမံများတွင် နိုင်ငံအလယ်ပိုင်းရှိ အဆိုပါ ဆိုလာစီမံကိန်းအား ယခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြသည်။

          မိုးခေါင်မှုကြောင့် ဇမ်ဘီယာ ရေအားလျှပ်စစ်စက်ရုံများရှိ ရေပမာဏကိုထိခိုက်စေကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့်ကြုံတွေ့နေရသည်။ နိုင်ငံ၏လျှပ်စစ်ဓာတ်အား ၈၀ရာခိုင်နှုန်းခန့်သည် ရေအားလျှပ်စစ်မှ ရရှိနေခြင်းဖြစ်ပြီး လက်ရှိရရှိနိုင်သော ပျမ်းမျှထုတ်လုပ်နိုင်မှုမှာ ၉၀၀မဂ္ဂါဝပ်ခန့်ရှိပြီး ပျမ်းမျှလိုအပ်ချက်မှာ ၂၄၀၀မဂ္ဂါဝပ်ဖြစ်ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)