Languages

အင်ဒိုနီးရှားနိုင်ငံ၌ ဆန်ဈေးနှုန်း ဖောင်းပွမှုမဖြစ်ရေး စီမံဆောင်ရွက်ရန် ဗဟိုအစိုးရကတိုက်တွန်း

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံတွင် ကုန်ဈေးနှုန်းဖောင်းပွမှုများ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် ဆန်ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်၌ သိသာစွာမြင့်တက်လာခဲ့ရာ ပြည်နယ်အစိုးရများအနေဖြင့် ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်နိုင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန် ဗဟိုအစိုးရ က တိုက်တွန်းခဲ့ပါသည်။

အင်ဒိုနီးရှား ပြည်ထဲရေးဝန်ကြီး Tito Karnavian က နိုင်ငံများစွာ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ခြောက်သွေ့သည့် ရာသီဥတုကို ကြုံတွေ့လာရချိန်တွင် ဆန်စပါးသည် စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသည့် ကုန်စည်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ဆန်တင်ပို့ရောင်းချမှု ကို ဆိုင်းငံ့သည့် မူဝါဒများအား အကောင်အထည်ဖော် ဆောင်ရွက်လာကြကြောင်း၊ ထိုသို့ မူဝါဒချမှတ်လုပ်ဆောင်သည့် နိုင်ငံများတွင် အိန္ဒိယသည်လည်း အပါအဝင်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ဦးစားပေးလျက် ဆန်တင်ပို့မှုကို တားမြစ်ပိတ်ခဲ့ကြောင်း၊ ဆန်တင်ပို့သည့် နိုင်ငံအများအပြားသည် ဈေးနှုန်း ပိုမိုသက်သာပြီး အလယ်အလတ်အဆင့် အရည်အသွေးရှိသော ဆန်များကို ၎င်းတို့ပြည်တွင်းဈေးကွက်၌ ရောင်းချရန် ချန်လှပ်လျက် ဈေးနှုန်းမြင့်မားသော ပရီမီယံအဆင့်ဆန်များကို ပြည်ပသို့တင်ပို့သည့် မူဝါဒများကိုလည်း ချမှတ်လုပ်ကိုင်လာကြောင်း၊ သို့ဖြစ်ရာ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အဆိုပါပရီမီယံအဆင့်ဆန်ကို ဝယ်ယူပါက ပြည်သူများ သက်သာမှုရှိစေရေးအတွက် အထောက်အပံ့များ ပေးအပ်ရန်လိုအပ်ပြီး လုပ်ဆောင်ရန် ခက်ခဲမှုရှိမည်ဖြစ်ကြောင်း၊ သမ္မတ Joko Widodo ၏ လမ်းညွှန်ချက်အရ Bulog အဖွဲ့သည် အရန်ရိက္ခာ ဆန်များဖူလုံမှုရှိစေရေး တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ရှေ့လာမည့် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အရန်ဆန် တန်ချိန် ၂ သန်း ပြည့်မီစွာ သိုလှောင်ထားရှိရန် ရည်မှန်းထားကြောင်းဖြင့် ဩဂုတ်လ ၂၈ ရက်နေ့တွင် ပြောဆိုခဲ့သည်။

ဝန်ကြီး Karnavian ၏ ပြောကြားချက်အရ Bulog အဖွဲ့သည် အစိုးရ၏ လက်ရှိအရန်ရိက္ခာ သိုလှောင်ထားရှိမှုမှ ဆန်များကို ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ချီနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ရိက္ခာလုံလောက်မှုမရှိသည့် နယ်မြေဒေသများသို့ ပေးပို့နေကြောင်း၊ ဆန်ဖြန့်ဖြူးမှု အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသား စားနပ်ရိက္ခာအေဂျင်စီနှင့် လုံခြုံရေးအဖွဲ့အစည်းများ၏ အကူအညီကို ရယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Antara News, 28 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)