Languages

အိန္ဒိယနိုင်ငံ၌ ပေါင်းဆန် တန်ချိန် ၅ သိန်းခန့် သင်္ဘောတင်ပို့မှု ဆိုင်းငံ့ထား

Powered by Drupal

ပြည်ပသို့ ပေါင်းဆန်တင်ပို့မှုအပေါ် ၁၅-၁၀-၂၀၂၃ ရက်နေ့အထိ အခွန် ၂၀% ကောက်ခံမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ အမိန့်ထုတ်ပြန်ခဲ့မှုသည် ဝယ်ယူသူနှင့် ရောင်းချသူတို့အနေဖြင့် အခွန်ပေးဆောင်ရမှုမှ ရှောင်ကြဉ်ရန်အတွက် သင်္ဘောတင်ပို့ရန်ရှိသော ပေါင်းဆန်တန်ချိန် ၅ သိန်းခန့်အား အဆိုပါနေ့ရက် ကျော်လွန်မည့်အချိန်အထိ ဆိုင်းငံ့ခြင်းကို ဖြစ်ပေါ်စေသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့တွင် ဆန်တင်ပို့သည့် အိန္ဒိယပို့ကုန်လုပ်ငန်းကြီး ၃ ခုမှ ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့ပါသည်။

အိန္ဒိယမှဆန်များ သင်္ဘောတင်ပို့ရန် ကြန့်ကြာမှုသည် ဘီနင်၊ ဂါနာ၊ အိုင်ဗရီကို့နှင့် လိုင်ဘေးရီးယား တို့ကဲ့သို့သော ဆန်ဝယ်ယူတင်သွင်းသည့် နိုင်ငံများတွင် ဆန်လက်ကျန်ပမာဏကို နည်းပါးစေပြီး မြင့်တက်လျက်ရှိသော ဆန်ဈေးနှုန်းများကို ထပ်မံကြီးမြင့်စေဖွယ်ရှိသည်။

အိန္ဒိယ ဆန်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Satyam Balajee မှ အမှုဆောင် ဒါရိုက် တာ Himanshu Agarwal က ပြည်ပဝယ်လက်များသည် သင်္ဘောတင်ပို့မည့် အစီအစဉ်များကို ရွှေ့ဆိုင်းလျက်ရှိကြောင်း၊ မည်သူကမျှ အခွန်ပေးဆောင်လိုမှု မရှိကြောင်း ပြောဆိုပါသည်။ အိန္ဒိယ ဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ BV Krishna Rao ကလည်း ဆန်တန်ချိန် ၅ သိန်းခန့်မှာ တင်ပို့မှုမပြုပဲ ဆိုင်းငံ့ထားကြောင်း၊ အိန္ဒိယအစိုးရ၏ ပို့ကုန်အခွန်ကောက်ခံမှု မစတင်မီကပင် ဆန်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ဝယ်ယူတင်သွင်းသူများအနေဖြင့် စိတ်မသက်သာမှု ဖြစ်ပေါ်ခဲ့ကြကြောင်း၊ အာဖရိကနိုင်ငံများရှိ ဝယ်ယူသူများသည် လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းအဆင့်၌ ပင် ဝယ်ယူနိုင်စွမ်း ကင်းမဲ့လျက်ရှိကြောင်း၊ အောက်တိုဘာလမှစတင်၍ စပါးအသစ်များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ပြီး ရောင်းလိုအား တိုးတက်လာချိန်၌ ပြည်ပတင်ပို့သည့် ဆန်ဈေးနှုန်းများသည်လည်း တဖြည်းဖြည်း ကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယူးဒေလီမြို့အခြေစိုက် ဆန်ကုန်သည်တစ်ဦးကလည်း လွန်ခဲ့သော သီတင်းပတ်များအတွင်း ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန် တို့သည် ဆန်ဈေးနှုန်းများကို မြှင့်တင်ခဲ့ကြရာ ဆန်တင်သွင်းသည့် နိုင်ငံများအတွက် ရွေးချယ်ရန် အခွင့်အလမ်းနည်းပါးလျက်ရှိကြောင်း၊ အာဖရိကမှ ဝယ်လက်များသည် သင်္ဘောတင်ပို့မှုကို ဆိုင်းငံ့လျက် ဈေးနှုန်းများ ကျဆင်းလာမည်ကို စောင့်ဆိုင်းခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု မှတ်ယူ ဆောင်ရွက်လာကြကြောင်းဖြင့် ပြောကြားပါသည်။

ယခင်ရက်သတ္တပတ်၌ ဆန်ကွဲ ၅% ပါဝင်သော ပေါင်းဆန်များကို ၁ တန်လျှင် ဒေါ်လာ ၄၅၀ - ၄၅၅ ဝန်းကျင်ခန့်ဖြင့် ရောင်းချရန် အိန္ဒိယကုန်သည်များက ဈေးနှုန်းကမ်းလှမ်းခဲ့ရာမှ ယခု ၁ တန်လျှင် ဒေါ်လာ ၅၂၀ - ၅၄၀ ခန့်ဖြင့် စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယမှ ဆန်တန်ချိန် ၂၂.၂ သန်း တင်ပို့ခဲ့ရာ၌ ပေါင်းဆန် တန်ချိန် ၇.၄ သန်းပါဝင်ခဲ့ကြောင်း၊ အာရှနှင့် အာဖရိကဒေသတို့ရှိ ဝင်ငွေနည်းပါးသော စားသုံးသူများသည် ၁ တန်လျှင် ၃၂၅ ဒေါ်လာခန့်သာ ဈေးနှုန်းရှိသည့် ၁၀၀ ရာခိုင်နှုန်းပြည့်ဆန်ကွဲများကို ပိုမိုအလေးပေး ဝယ်ယူလာကြကြောင်း သိရှိရသည်။

Source: The Daily Star, 30 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)