အိန္ဒိယနိုင်ငံ၌ ကာနာတကာနှင့် ရာဂျပ်စတန် ပြည်နယ်များတွင် ယခုနှစ်မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းများမှာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်မှုရှိသော်လည်း မိုးရေချိန်ရရှိမှုနည်းပါးခြင်းနှင့် စိုက်ဧကလျော့ကျခြင်းတို့ကြောင့် အထွက်ပမာဏ လျော့နည်းနိုင် ချေရှိမှုအပေါ် ဈေးကွက်အဖွင့် ဈေးနှုန်းများမှာ မြင့်မားလျက်ရှိကြောင်း သိရှိရပါသည်။
ကာနာတကာပြည်နယ် မြောက်ပိုင်းရှိ ကုန်အဝယ်ဒိုင်များတွင် မိုးပဲတီစိမ်းများ ဝင်ရောက်မှု ရှိပြီး အရည်အသွေးကောင်းမွန်သည့် ပဲတီစိမ်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၁၀၀၀၀ မှ ၁၁၀၀၀ အတွင်း၌ လည်းကောင်း၊ အရည်အသွေးနိမ့်ကျမှုရှိပါက ရူပီး ၈၈၀၀ မှ ၁၀၀၀၀ အတွင်း တွင်လည်းကောင်း အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း၊ ဩဂုတ်လ ၂၈ ရက်၊ တနင်္လာနေ့၌ အဝယ် ဒိုင်များတွင် ဖြစ်ပေါ်သော ပျမ်းမျှစံဈေးနှုန်းမှာ ရူပီးငွေ ၉၃၈၈ မှ ၁၁၁၄၃ အတွင်း၌ ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုပါသည်။
ယခင်က မိုးသီးနှံရိတ်သိမ်းထွက်ပေါ်ချိန်၌ အဝယ်ဒိုင်များတွင် ရောင်းဝယ်ဖောက်ကားသည့် ပဲတီစိမ်းဈေးနှုန်းများမှာ အစိုးရက အထောက်အပံ့ပြု ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ၏ အောက်၌သာ ဖြစ်ပေါ်လေ့ရှိသည်။ ကာနာတကာပြည်နယ်တွင် ယခုနှစ် မိုးပဲတီစိမ်း စိုက်ပျိုးမှုဧရိယာမှာ ၅၇% လျော့နည်းခဲ့ပြီး မုတ်သုံလေအားနည်းခြင်းက သီးနှံများအပေါ် ထိခိုက်မှု ဖြစ်စေခဲ့ရာ ဈေးကွက်အဖွင့်ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် သီးနှံရာသီအတွက် ထုတ်ပြန်ထားသည့် MSP ဈေးနှုန်းဖြစ်သော ၁ ကွင်တယ်လျှင် ၈၅၅၈ ရူပီးနှုန်း၏ အထက်၌ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ ပဲမျိုးစုံရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော IGrain India မှ လုပ်ငန်းရှင် Rahul Chauhan က ရာသီဥတုအခြေအနေအပေါ် စိုးရိမ်မှုရှိခြင်းက ပဲဈေးနှုန်းများကို မြင့်တက်မှုကို ဖြစ် ပေါ်စေကြောင်း၊ ကာနာတကာပြည်နယ်တွင် မိုးရွာသွန်းမှု နောက်ကျသဖြင့် စိုက်ဧကလျော့ကျခဲ့ ကြောင်း၊ ရာဂျပ်စတန်ပြည်နယ်၌မှု ဆိုင်ကလုန်း Biparjoy ၏ အရှိန်ကြောင့် မိုးရေရရှိခဲ့ပြီး ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့သည့် သီးနှံများမှာ အခြေအနေကောင်းမွန်မှုရှိကြောင်း၊ သို့သော် မိုးလယ်နှင့် မိုးနှောင်းပိုင်း၌ စိုက်ပျိုးသော သီးနှံများအတွက် ရာသီဥတုကောင်းမွန်မှု မရှိကြောင်း၊ မိုးဆက်လက် ရွာသွန်းမှုမရှိပါက ၎င်းပဲတီစိမ်းများမှာ အရွယ်အစားသေးငယ်မှု ဖြစ်ပေါ်နိုင်ကြောင်း၊ Jodhpur မြို့ တွင် နှစ်ဟောင်းလက်ကျန် ပဲတီစိမ်းများကို ၁ ကွင်တယ်လျှင် ရူပီး ၆၅၀၀ - ၇၆၀၀ နှုန်းဖြင့် လည်း ကောင်း၊ ပဲတီစိမ်းအသစ် ၁ ကွင်တယ်လျှင် ရူပီး ၇၂၀၀ - ၈၃၀၀ နှုန်းဖြင့် လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်း ပြောကြားပါသည်။
Ahmedabad မြို့အခြေစိုက် ပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးကလည်း ရာဂျပ်စတန်ပြည်နယ် တွင် နောက်ကျ၍ စိုက်ပျိုးသည့် ပဲတီစိမ်းစိုက်ခင်းများမှာ အပင်ရှင်သန်လျက် အပွင့်ကောင်းမွန်မှု ရှိသော်လည်း မိုးနှောင်းကာလ၌ မိုးရေချိန်နည်းပါးခြင်းက အစေ့တည်မှုအပေါ် ထိခိုက်မှုဖြစ်ပေါ် စေခဲ့ကြောင်း၊ ရလဒ်အားဖြင့် အဆိုပါ ပြည်နယ်၌ ပဲတီစိမ်းထွက်ရှိမှုသည် ထက်ဝက်ကျော် ကျဆင်းနိုင်ကြောင်း ပြောဆိုခဲ့သည်။
Source: The Hindu Business Line, 28 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)