အိန္ဒိယ၊ Nashik ခရိုင်ရှိ စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်ရှာဖွေရေးကော်မတီ (Agricultural Produce Market Committee - APMCs) ကုန်စည်ဒိုင်များတွင် ပြုလုပ်သော ကြက်သွန်နီလေလံ ပွဲများမှာ ရပ်တန့်လျက်ရှိကြောင်း၊ လယ်သမားများအနေဖြင့် အမြတ်ရဖွယ်မရှိသော စျေးနှုန်း အခြေအနေများကြောင့် ၎င်းတို့၏ ကြက်သွန်နီကုန်များကို လေလံပွဲများသို့ ယူဆောင်လာရန် တုံ့ ဆိုင်းလျက်ရှိကြောင်း၊ ဒေသခံခေါင်းဆောင်များနှင့် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့တို့က လယ်သမားများ ကို ဖျန်ဖြေဆွဲဆောင်စည်းရုံးရန် ကြိုးပမ်းခဲ့သော်လည်း အခြေအနေများမှာ မတည်မငြိမ်ဖြစ်နေဆဲ ပင် ဖြစ်ကြောင်း The Hindu Business Line သတင်းစာတွင် ဖော်ပြထားသည်။
Pimpalgaon မြို့ရှိ APMC ကုန်စည်ဒိုင်၏ လေလံပွဲတွင် အစိုးရပိုင်ဖြစ်သည့် အမျိုးသား လယ်ယာသမဝါယမဆိုင်ရာရောင်းဝယ်ရေးအဖွဲ့ချုပ် (National Agricultural Cooperative Marketing Federation- NAFED) ပါဝင်လာစေရန် လယ်သမားများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ လေလံတင်ခြင်းလုပ်ငန်းစဉ်တွင် NAFED အနေဖြင့် ကိုယ်တိုင် မပါဝင်ခဲ့ခြင်းသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် စျေးနှုန်းနိမ့်ကျစေသည်ဟု လယ်သမားများ၏ စွပ်စွဲခဲ့မှု အပေါ် Lasalgaon မြို့ရှိ APMC ကုန်စည်ဒိုင်သည် ရဲတပ်ဖွဲ့၏ ကာကွယ်မှုကို ရယူ၍ လေလံပွဲများ ပြန်လည်စတင်ခဲ့သည်။
ထို့အတူ Yeola မြို့၏ APMC ကုန်စည်ဒိုင်တွင် လယ်သမားများသည် ၎င်းတို့၏ ကြက် သွန်နီကုန်များကို စျေးကွက်သို့ ယူဆောင်လာရန် ငြင်းဆိုခဲ့ပြီးနောက် NAFED သည် ကြက်သွန်နီ ဝယ်ယူမှုအတွက် ၎င်းတို့ထံ မချဉ်းကပ်ခဲ့ကြောင်း APMC ၏ တာဝန်ရှိသူများက မှတ်ချက်ပြု ဖြေကြားခဲ့သည်။ ထို့အပြင် NAFED သည် စင်တာအနည်းငယ်ကိုသာ ဖွင့်လှစ်ထားရှိပြီး ကြက်သွန် နီ အကြီးစားဝယ်ယူမှုမျိုး ဆောင်ရွက်ခဲ့ခြင်း မရှိဟု သတင်းစာတွင် ဖော်ပြထားသည်။
Lasalgaon မြို့တွင် ကြက်သွန်နီ ၄၇၅,၂၀၀ကီလိုဂရမ်ကိုသာ လေလံတင်လျက် ၁၀၀ ကီလို ဂရမ်လျှင် အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည့် ဈေးနှုန်း ရူပီငွေ ၂,၁၅၀ ဖြင့် လည်းကောင်း၊ Pimpalgaon Baswant မြို့တွင် ကြက်သွန်နီ ၇၂၀,၀၀၀ ကီလိုဂရမ်ကို ၁၀၀ ကီလိုဂရမ်လျှင် ရူပီငွေ ၂,၁၅၀ ဖြင့် လည်းကောင်း၊ နမ်ပူမြို့ရှိ APMC တွင် ကြက်သွန်နီ ၁,၃၂၇,၀၀၀ ကီလိုဂရမ်ကို ၁၀၀ ကီလိုဂရမ်လျှင် ရူပီငွေ ၂,၂၀၀ ဖြင့် လည်းကောင်း လေလံတင်ရောင်းချခဲ့သည်။ NAFED ၏ လက်ရှိဝယ်ယူမှု စျေးနှုန်းနှင့်အညီ Nashik ခရိုင်ရှိ လယ်သမားများသည် ၁၀၀ ကီလိုဂရမ်လျှင် အနိမ့်ဆုံးစျေးနှုန်း ရူပီ ငွေ ၂,၄၁၀ ဖြင့် ရောင်းချနိုင်ရေး တောင်းဆိုနေကြခြင်းဖြစ်သည်။
လေလံပွဲတွင် NAFED ၏ ကြေညာထားသည့် နှုန်းထားထက် နိမ့်ကျသော ကြက်သွန်နီ ဈေးနှုန်းများကို ကမ်းလှမ်းမည်ဆိုပါက လယ်သမားခေါင်းဆောင်များက ၎င်းတို့၏ သပိတ်မှောက် ဆန္ဒပြမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။
ဗဟိုအစိုးရကမူ တောင်သူများနှင့် စားသုံးသူများကို အထောက်အပံ့ဖြစ်စေရန်အတွက် ကြက်သွန်နီတန်ချိန် ၂ သိန်းကို ဝယ်ယူမည်ဟု ထုတ်ပြန်ကြေညာခဲ့ရာ NCCF နှင့် NAFED တို့သည် ဒေသအသီးသီးရှိ စားသုံးသူများအတွက် သက်သာသောနှုန်းထားဖြစ်သည့် တစ်ကီလိုလျှင် ရူပီးငွေ ၂၅ နှုန်းဖြင့် ကြက်သွန်နီများကို ရောင်းချပေးမည်လည်းဖြစ်သည်။
ဈေးကွက်မှ ကြက်သွန်နီတန်ချိန် နှစ်သိန်းကိုသာ ၀ယ်ယူမည့် အစိုးရ၏ အစီအစဉ်အပေါ် Lasalgaon မြို့နယ် လယ်သမားများက ကျန်ကြက်သွန်နီများအပေါ် စိုးရိမ်မှုများ မြင့်တက်လာကာ အစိုးရ၏ သတ်မှတ်နှုန်းထားဖြင့် မည်သူက ဝယ်ယူမည်နည်းဟု မေးခွန်းထုတ်နိုင်ကြောင်း သတင်း စာတွင် ဖော်ပြထားသည်။
Source: The Hindu Business Line, 25 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)