Languages

၂၀၂၃-၂၄ ခုနှစ်၌ ကမ္ဘာ့သကြားထုတ်လုပ်မှု ကျဆင်းဖွယ်ရှိ

Powered by Drupal

အောက်တိုဘာလမှ စတင်မည့် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် ကမ္ဘာ့သကြားထုတ်လုပ်မှု မှာ ၁.၂၁ ရာခိုင်နှုန်း ကျဆင်းလျက် ဈေးကွက်အတွင်း သကြားတန်ချိန် ၂.၁၁၈ သန်းအထိ လိုအပ်ချက် ဖြစ်ပေါ်နိုင်မည်ဟု အပြည်ပြည်ဆိုင်ရာ သကြားအဖွဲ့အစည်း (ISO) က ခန့်မှန်းထားပါသည်။

လက်ရှိ သကြားရာသီကာလတွင် ထုတ်လုပ်နိုင်မှုတန်ချိန်မှာ ၁၇၇.၀၂ သန်းရှိသော်လည်း ၂၀၂၃-၂၄ ခုနှစ်၌ ကမ္ဘာ့သကြားထုတ်လုပ်မှုသည် တန်ချိန် ၁၇၄.၈၄ သန်းခန့်သာရှိနိုင်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့သကြားစားသုံးမှုမှာ တန်ချိန် ၁၇၆.၅၃ သန်းမှ ၁၇၆.၉၆ သန်းသို့ မြင့်တက်လာ ဖွယ်ရှိကြောင်း၊ ထို့ကြောင့် ယခုနှစ်၌ ကမ္ဘာ့သကြားဈေးကွက်အတွင်း တန်ချိန် ၀.၄၉၃ သန်း ပိုလျှံမှု ရှိသော်လည်း ရှေ့လာမည့်နှစ်တွင် တန်ချိန် ၂.၁၁၈ သန်းခန့် လိုအပ်ချက် ဖြစ်ပေါ်နိုင်ကြောင်း ISO အဖွဲ့၏ ခန့်မှန်းချက်အရ သိရှိရသည်။

ISO အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Jose Orive က သကြားကုန်ကြမ်း ဈေးနှုန်းများသည် ၁ ပေါင်လျှင် ၂၅ ဆင့်ခန့် (၁ တန်လျှင် အိန္ဒိယရူပီးငွေ ၄၅၉၅၀ ခန့်) ဖြင့် ခိုင်မာမှုရှိမည်ဟု ခန့်မှန်းထားသည်။ နယူးယောက်မြို့ရှိ InterContinental Exchange စတော့ဈေးကွက်တွင် သကြားကုန်ကြမ်းဈေးနှုန်းများမှာ ၁၂ နှစ်တာအတွင်း အမြင့်ဆုံးအဖြစ် ၁ ပေါင်လျှင် ၂၇.၄၄ ဆင့် (၁ တန် လျှင် ၅၀၄၂၅ အိန္ဒိယရူပီး) သို့ ရောက်ရှိခဲ့သည်။

အိန္ဒိယနိုင်ငံရှိ AgriMandi မှ အမှုဆောင်အရာရှိချုပ် Uppal Shah က ဘရာဇီးနိုင်ငံ၌ သကြားအထွက်ပမာဏ မြင့်တက်မည်ဟု ခန့်မှန်းရသော်လည်း ရေနံစိမ်းဈေးနှုန်းများ ကြီးမြင့်မှုက ထုတ်လုပ်ရရှိသော သကြားများကို အီသနောလောင်စာအဖြစ် ပြောင်းလဲသုံးစွဲမှုသို့ ဦးတည်စေနိုင်ကြောင်း၊ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း အိန္ဒိယနိုင်ငံ၌ ရရှိနိုင်မည့် မိုးရေချိန်အခြေအနေနှင့် ရှေ့လာမည့်သီးနှံရာသီအတွင်း ကြံစိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်နိုင်မှုတို့က ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် စောင့်ကြည့်ရမည့်အချက်များပင်ဖြစ်ကြောင်း၊ အစောပိုင်းနေ့ရက်များ၌ သကြားတင်ပို့မှုကို လျော့ချမည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလသည် ကျန်ရှိမည့်ရာသီကာလအတွက် အဆုံးအဖြတ်ပေးရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်း ပြောကြားပါသည်။

အိန္ဒိယနိုင်ငံ၏ ကြံစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်းသည် ကမ္ဘာ့သကြားအထွက်ပမာဏ ကို ISO အဖွဲ့က လျော့ချခန့်မှန်းစေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ပြီး ယခုနှစ်ထုတ်လုပ်နိုင်မှုတန်ချိန် ၃၂.၉ သန်း၏အောက်သို့ လျော့ကျလျက် အိန္ဒိယ၏ လာမည့်နှစ် သကြားထုတ်လုပ်မှုမှာ တန်ချိန် ၃၀.၄ သန်းခန့်သာရှိနိုင်ကြောင်း အိန္ဒိယသကြားစက်လုပ်ငန်းရှင်များအသင်း (ISMA) က ခန့်မှန်းထားသည်။

သို့ဖြစ်ရာ စာရင်းဖွင့်လက်ကျန် တန်ချိန် ၅.၇ သန်းနှင့်အတူ ရှေ့လာမည့် ရောင်းဝယ်ရေး ရာသီတွင် အိန္ဒိယ၏ သကြားရောင်းလိုအားမှာ စုစုပေါင်း တန်ချိန် ၃၆.၁ သန်းခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ဝယ်လိုအားအပိုင်း၌ ပြည်တွင်းစားသုံးမှု တန်ချိန် ၂၈.၁ သန်းနှင့် ပြည်ပတင်ပို့မှု တန်ချိန် ၁ သန်းခန့် ရှိနိုင်ပြီး လာမည့်နှစ်တွင် စာရင်းပိတ်အားဖြင့် သကြားတန်ချိန် ၇ သန်းခန့် ကျန်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ မဟာရဋ္ဌပြည်နယ်၌ ကိုယ်စားလှယ်များစေလွှတ်ထားရှိသည့် လုပ်ငန်းရှင်အချို့၏ ပြောကြားချက်အရ ဩဂုတ်လအတွင်း မိုးရေချိန်နည်းပါးမှုကြောင့် အဆိုပါပြည်နယ်တွင် ကြံစိုက်ခင်းများ ခြောက်သွေ့ပျက်စီးမှုဖြစ်ပေါပြီး သကြားအထွက်ကို ထိခိုက်မှုရှိမည်ဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားပါသည်။

Source: The Hindu Business Line, 20 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)