Languages

ကင်ညာနိုင်ငံမှ ထောပတ်သီးများ အိန္ဒိယသို့ တင်ပို့မှု စတင်

Powered by Drupal

ကင်ညာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီးများအား အိန္ဒိယဈေးကွက်သို့ တင်ပို့မှုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ စတင်နိုင်ခဲ့ပြီး ပထမဦးဆုံး သင်္ဘောတင်ပို့မှုမှာ မွန်ဘိုင်းမြို့သို့ ဆိုက် ရောက်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံရှိ ကင်ညာသံရုံးမှ ဒုတိယကော်မရှင်နာမင်းကြီး Irene Oloo က PTI သတင်းဌာနသို့ ပြောကြားရာတွင် ကင်ညာနိုင်ငံအနေဖြင့် ထောပတ်သီး တန်ချိန်များစွာကို ထပ်မံတင်ပို့သွားမည်ဖြစ်ကြောင်း၊ အာဖရိကဒေသမှ နိုင်ငံတစ်ခုအနေဖြင့် အကဲဆတ်ပြီး သက်တမ်းတိုတောင်းသည့် သီးနှံအား အိန္ဒိယသို့ ပထမဆုံးအကြိမ် တင်ပို့ခွင့်ရရှိခြင်းဖြစ်ကြောင်း၊ ကင်ညာထောပတ်သီးများ တင်ပို့နိုင်ရေး အိန္ဒိယအစိုးရ၏ အတည်ပြုချက်ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း၊ ၈ နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ၁၆-၈-၂၀၂၃ ရက်နေ့မှသာ ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် အိန္ဒိယ၏ တင်းကျပ်သည့် အရည်အသွေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ကြိုးပမ်းခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရာတွင် ကင်ညာနိုင်ငံအနေဖြင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံရှိပြီး ပို့ကုန်မှာမူ ဒေါ်လာ ၆၇.၂၁ သန်းမျှသာ တင်ပို့နိုင်ခဲ့ကြောင်း၊ ကင်ညာထောပတ်သီးများအား အိန္ဒိယ၏ စတင် တင်သွင်းမှုသည် နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးမညီမျှမှုကို ကျဉ်းမြောင်းစေမည်ဟု မျှော်လင့်ရကြောင်းဖြင့် ပြောဆိုခဲ့သည်။

ကင်ညာနိုင်ငံသည် ၂၀၂၁ ခုနှစ်၌ ထောပတ်သီးစိုက်ပျိုးမှုဧရိယာ ဟက်တာပေါင်း ၂၆၀၀၀ ခန့်မှ ထောပတ်သီးတန်ချိန် ၄၁၆၀၀၀ ထုတ်လုပ်လျက် ကမ္ဘာ့ဆဋ္ဌမမြောက် ထောပတ်သီး အများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နေခဲ့သည်။ ထိုသို့ ထောပတ်သီးစိုက်ပျိုးထွက်ရှိမှုမှ ၂၃ ရာခိုင်နှုန်းခန့်ကို နယ်သာလန်၊ အမေရိကန်၊ တရုတ်၊ စပိန်၊ ဗြိတိန်၊ ဆော်ဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ရုရှား၊ တူရကီနှင့် အီဂျစ် နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

Source: Economic Times, 20 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)