Languages

ကမ္ဘောဒီးယားမှ လတ်ဆတ်အုန်းသီးနှင့် ဗင်နီဇွဲလားမှ ထောပတ်သီးတို့ကို တရုတ်နိုင်ငံက တင်သွင်းခွင့်ပြု

Powered by Drupal

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) ၏ ထုတ်ပြန်ကြေညာ ချက်အရ တရုတ်အကောက်ခွန်ဌာနသည် ၁၈-၉-၂၀၂၃ ရက်နေ့မှ စတင်၍ ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်အုန်းသီးများနှင့် ဗင်နီဇွဲလားနိုင်ငံမှ ထောပတ်သီးများကို တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့် စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနှင့် ဗင်နီဇွဲလားခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်းဖြင့် Khmer Times သတင်းစာဌာနက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖော်ပြ ထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ အဆိုပါခရီးစဉ်အတွင်း တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ၎င်းတို့၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာစေခဲ့ပြီး သဘောတူညီချက်များဖြင့် အနာဂတ်ကိုမျှဝေခံစားမည့် လူမှုပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်နိုင်ရေး ကြိုးပမ်းသွားရန် ကတိပြုခဲ့ကြကြောင်း၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု၊ ထုတ်လုပ်မှုစွမ်းရည်၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ လုံခြုံရေးနှင့် ပြည်သူအချင်းချင်း ဖလှယ်ရေးဆိုင်ရာ ကဏ္ဍစုံပါဝင်သည့် "Diamond Hexagon" ခေါ် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အပေါ် အခြေခံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြောင်းဖြင့် ဆင်ဟွာသတင်းအေဂျင်စီကို ကိုးကားလျက် ဖော်ပြထားသည်။

ကမ္ဘောဒီးယား၊ အကောက်ခွန်ဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်၏ ပထမ(၈)လတွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၈.၀၉ ဘီလီယံဖြင့် နှစ်စဉ်  ၁.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့သော ကမ္ဘောဒီးယား၏ ပို့ကုန်ပမာဏသည် အမေရိ ကန်ဒေါ်လာ ၉၄၀ သန်းဖြင့် ၁၆. ၈ ရာခိုင်နှုန်းအထိ တိုးတက်ရောက်ရှိခဲ့ကြောင်းဖြင့် သိရသည်။ ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များကို တရုတ်ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ဆန်၊ ငှက်ပျောသီး၊ သရက်သီးနှင့် Longan ခေါ် လေချူသီး တို့အတွက် အဓိကပို့ကုန်ဈေးကွက်ကြီးတစ်ခုဖြစ်သည်။

ဗင်နီဇွဲလားသမ္မတ Nicolás Maduro Moros သည်လည်း စက်တင်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ရာ  နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြပြီး ရပ်ဝန်းနှင့်လမ်းမ (Belt and Road) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ အာကာသ၊ မြို့ပြလေကြောင်း၊ သိပ္ပံနည်းပညာနှင့် စာနယ်ဇင်းကဏ္ဍများတွင် ပိုမိုနီးကပ်စွာ မိတ်ဖက် ဆောင်ရွက်သွားရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က ၁၄-၉-၂၀၂၃ နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

Source: Khmer Times, 20 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)