တရုတ်နိုင်ငံ၌ ယူနန်ပြည်နယ် Mengzi ရှိ သရုပ်ပြအခြေစိုက်စခန်းတွင် ပညာရှင် Yuan Longping ၏ နည်းပညာဖြင့် တီထွင်မျိုးပွားထားသော စပ်မျိုးစပါးကို စိုက်ပျိုးထားရှိသည့် ဧရိယာ ၆.၇ ဟက်တာအား စက်တင်ဘာလအစောပိုင်း၌ ရိတ်သိမ်းခဲ့ရာ အထွက်နှုန်းသည် တစ်ဟက်တာလျှင် ၁၇.၈ မက်ထရစ်တန်အထိ စံချိန်တင်ထွက်ရှိခဲ့ကြောင်း Hunan Hybrid Rice Research Center က ဖော်ပြပါသည်။
တစ်ချိန်တည်းတွင် Gejiu အခြေစိုက်စခန်း၌ စိုက်ပျိုးထားရှိသည့် အဆိုပါစပ်မျိုးစပါး စိုက်ခင်းမှလည်း တစ်ဟက်တာလျှင် အထွက်နှုန်း ၁၇.၅ တန်ကျော် စံချိန်တင်ထွက်ရှိခဲ့ကြောင်း၊ ၎င်းစပ်မျိုးစပါး စိုက်ပျိုးထုတ်လုပ်မှုများကို ယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ ယူနန်စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ၊ Jiangsu စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီနှင့် Yangzhou တက္ကသိုလ်တို့မှ ပညာရှင်များက တိုင်းတာအကဲဖြတ်ခဲ့ကြကြောင်း သိရှိရသည်။
Yuan သည် ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ စူပါစပ်မျိုးစပါးကို တစ်ဟက်တာလျှင် ၁၈ တန်အထိ စံချိန်တင်ထွက်ရှိရန် သတ်မှတ်လျာထားခဲ့ပြီး ယူနန်ပြည်နယ် Gejiu မြို့ရှိ ကုန်းပြင်မြင့် မွေးမြူရေးသရုပ်ပြအခြေစိုက်စခန်းကို တာဝန်ပေးအပ်လျက် စမ်းသပ်စိုက်ပျိုးခဲ့သည်။ ၎င်းကုန်းပြင်မြင့်ဒေသသည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၂၈၇ မီတာတွင် တည်ရှိပြီး နှစ်စဉ်ပျမ်းမျှအပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်နှင့် မိုးရေချိန် ၇၀၀ မှ ၉၀၀ မီလီမီတာရရှိ၍ အားသာချက်အနေဖြင့် ကြီးမားသော ဆည်မြောင်းစနစ်ပါဝင်ခြင်းနှင့် မြေပြန့်ဒေသဖြစ်သောကြောင့် အခြေခံအားဖြင့် အထွက်နှုန်းမြင့်မားနိုင်သည့် အခြေအနေများရှိကြောင်းသိရပါသည်။
Hunan Hybrid Rice Research Center ၏ အတွင်းရေးမှူး Xu Jingbo က လူဦးရေ များပြားပြီး စိုက်ပျိုးနိုင်သည့်မြေနည်းပါးသော နိုင်ငံအတွက် မြင့်မားသောအထွက်နှုန်းများရရှိရန် စဉ်ဆက်မပြတ် လေ့လာသွားရမည်ဖြစ်ပြီး အရည်အသွေးမြင့်မားမှုနှင့် မှန်ကန်ထိရောက်သည့် ဖွံ့ဖြိုးတိုးတက်မှုတို့ရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စပါး အထွက်နှုန်းတိုးတက်စေရေးအတွက် နည်းပညာအသစ်များကို လယ်သမားများအား နည်းစနစ်ကျ သင်ကြားပေးခြင်းအားဖြင့် မြန်မြန်ဆန်ဆန် အသုံးချနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ထွန်ယက် စိုက်ပျိုးနိုင်သောမြေ၏ ၉ ရာခိုင်နှုန်းအောက်သာ ရှိသော်လည်း စပ်မျိုးစပါးနည်းပညာ၏ ကျေးဇူးကြောင့် ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်အတွက် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်မှုရှိကြောင်း ECNS သတင်းဌာနက ဖော်ပြပါသည်။
Source: ECNS.cn, 19 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)