အိန္ဒိယနိုင်ငံ၌ စားသုံးသူများ၏ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်မှုကို ပိုမိုကောင်းမွန်စေရန် နှင့် သိုလှောင်ဈေးကစားမှုများကို တားဆီးနိုင်ရန်အတွက် လုပ်ငန်းအဆင့်အလိုက် ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်များကို ၂-၆-၂၀၂၃ နေ့မှ စတင်၍ ၃၁-၁၀-၂၀၂၃ နေ့အထိ ချမှတ်ထားရှိခဲ့ရာ ယခုအခါ ၎င်းကန့်သတ်ချက်များကို ၃၁-၁၂-၂၀၂၃ နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
၂၅-၉-၂၀၂၃ နေ့တွင် အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာ၌ ထိုသို့ သက်တမ်းတိုးမြှင့်မှုအပြင် လက်ကားကုန်သည်များ၏ လက်ဝယ်တွင် အများဆုံး သိုလှောင်ထားရှိ နိုင်သည့် ပမာဏကိုလည်း တန်ချိန် ၂၀၀ မှ တန်ချိန် ၅၀ သို့ လျော့ချသတ်မှတ်ကြောင်း၊ ပဲခွဲစက် များ၊ ပြုပြင်ထုတ်လုပ်သူများ၏ လက်ဝယ်၌ ပဲစင်းငုံနှင့် မတ်ပဲကို နှစ်စဉ်ကြိတ်ခွဲ ထုတ်လုပ်မှု ပမာဏ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် နောက်ဆုံးသုံးလအတွင်း ကြိတ်ခွဲထုတ်လုပ်ခဲ့သည့် ပမာဏတို့ အနက် များရာပမာဏအထိ သိုလှောင်ခွင့်ပြုထားရာမှ ယခု နှစ်စဉ်ကြိတ်ခွဲ ထုတ်လုပ်မှုပမာဏ၏ ၁၀ ရာခိုင်နှုန်း သို့မဟုတ် နောက်ဆုံး ၁ လအတွင်း ကြိတ်ခွဲထုတ်လုပ်ခဲ့သည့်ပမာဏ တို့အနက် များရာပမာဏသို့ လျော့ချလိုက်ကြောင်း၊ ကွန်ယက်ဖြန့်ကျက်၍ အကြီးစား လက်လီရောင်းချသည့် လုပ်ငန်းများ အနေဖြင့် လက်လီဆိုင်များတွင် ယခင်အတိုင်း ၅ တန် အထိ သိုလှောင်နိုင်မည်ဖြစ် သော်လည်း သိုလှောင်ရုံအဆင့်၌မူ ယခင်က တန် ၂၀၀ အထိခွင့်ပြုရာမှ ယခု တန် ၅၀ အထိသာ ထားရှိခွင့်ပြုမည်ဖြစ်ကြောင်း၊ ကုန်အမြောက်အမြားသိုလှောင်၍ ဈေးကစားမှုမပြုအောင် တားဆီး ကာကွယ်ခြင်းဖြင့် စားသုံးသူများအတွက် ပဲစင်းငုံနှင့် မတ်ပဲကို ဈေးနှုန်းသက်သာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိစေရန် ရည်ရွယ်လျက် သိုလှောင်ခွင့်ပမာဏ ကန့်သတ်ချက်ကို ပြင်ဆင်သက် တမ်းတိုးမြှင့်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပဲမျိုးစုံ တင်သွင်းသူများ၊ ပဲခွဲစက်နှင့် ပြုပြင်ထုတ်လုပ်သူများ၊ လက်ကားကုန်သည်များ၊ လက်လီ အရောင်းဆိုင်လုပ်ငန်းများအနေဖြင့် ၎င်းတို့လက်ဝယ်၌ ပဲသိုလှောင်ထားရှိမှု အခြေအနေကို အစိုးရ၏ ကုန်စည်အချက်အလက်စင်္ကြန် e-portal သို့ ထုတ်ဖော်တင်ပြခြင်းအား ဆက်လက် လုပ်ဆောင်ရန် အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက တိုက်တွန်းထားသည်။
အစိုးရ၏ စာရင်းများအရ စက်တင်ဘာလ ၂၂ ရက်နေ့အထိ မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးနိုင်မှုမှာ ဟက်တာ ၄၃.၆၉ သိန်းရှိပြီး ယခင်နှစ်ကာလတူအောက် ဟက်တာ ၂.၃၇ သိန်း လျော့နည်းလျက်ရှိသည်။ အလားတူ မတ်ပဲစိုက်ဧရိယာသည် ဟက်တာ ၃၂.၇၉ သိန်း စိုက်ပျိုးပြီးဖြစ်ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၀.၅၂ သိန်းလျော့ကျလျက်ရှိသည်။ ကုန်သည်များ ကမူ ပဲစိုက်ပျိုးမှုဧရိယာကျဆင်းမှုသည် အဆိုပါကိန်းဂဏန်းများထက် ပိုမိုလျော့ကျမှုရှိနိုင်ကြောင်း၊ ဩဂုတ်လအတွင်း မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး စက်တင်ဘာလ၌ မိုးရေချိန်များပြားမှုကြောင့် ပဲများ၏ အထွက်နှုန်းကို ထိခိုက်နိုင်ကြောင်း၊ နောက်ကျ၍ စိုက်ပျိုးသော ပဲစိုက်ခင်းများသည်လည်း အထွက် နည်းပါးဖွယ်ရှိကြောင်း ပြောဆိုလျက်ရှိကြသည်။
လက်ရှိကာလ၌ အိန္ဒိယပြည်တွင်းဈေးကွက်တွင် ပျမ်းမျှလက်လီဈေးနှုန်းအားဖြင့် ပဲစင်းငုံ ၁ ကီလိုဂရမ်လျှင် ၁၄၉ ရူပီးနှုန်းရှိပြီး ယခင် ၁ လကထက် ၇ ရာခိုင်နှုန်းနှင့် ယခင်နှစ် ကာလတူထက် ၃၅ ရာခိုင်နှုန်း အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲ ပျမ်းမျှလက်လီဈေးနှုန်းသည်လည်း ၁ ကီလိုဂရမ်လျှင် ၁၁၈ ရူပီးနှုန်းရှိပြီး ယခင် ၁ လကထက် ၂ ရာခိုင်နှုန်းနှင့် ယခင်နှစ် ကာလတူထက် ၁၁ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
Source: The Hindu Business Line, 25 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)