Languages

အင်ဒိုနီးရှားနိုင်ငံ၌ အယ်လ်နီညိုသက်ရောက်မှုကို ရင်ဆိုင်ရန် အစီအမံများချမှတ်

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံတွင် ပြည်နယ် ၁၀ ခုရှိ ခရိုင်ပေါင်း ၁၀၀ ၌ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်၏ သက်ရောက်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အထောက်အပံ့များပေးအပ်မှု အစီအစဉ်များကို စိုက်ပျိုးရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနမှ စစ်ဆေးရေးမှူးချုပ် Jan Samuel Maringka က အစိုးရသည် ပြည်နယ် ၁၀ ခုရှိ ခရိုင်ပေါင်း ၁၀၀ တွင် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်အဆင့် လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်ကို အစပြုလုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းအစီအစဉ်၌ ဓာတ်မြေဩဇာနှင့် ဆည်ရေပေးဝေမှု အရင်းအမြစ်များ ထောက်ပံ့ခြင်း၊ မျိုးစေ့ဖြန့်ဝေမှု၊ စပါးစိုက်ပျိုးမှုနှင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကူညီပံ့ပိုးမှု ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း၊ ထို့အပြင် အင်ဒိုနီးရှားပြည်တွင်း၌ စိုက်ပျိုးရေးရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရချိန်၌ ‌ဒေသအလိုက် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ရန်အတွက် ရာသီဥတုခြောက်သွေ့မှု၊ အပင်ပိုးမွှားထိန်းချုပ်မှု၊ အာမခံလုပ်ငန်းကြီးကြပ်မှု၊ ငွေကြေးအရင်းအနှီးထောက်ပံ့မှု၊ ရိတ်သိမ်းချွေလှေ့မှုနှင့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ၂၈-၉-၂၀၂၃ နေ့၌ ပြောဆိုခဲ့သည်။

လက်ရှိကာလတွင် ကမ္ဘာတစ်ဝန်း၌ ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များကြောင့် စားနပ် ရိက္ခာ ပြတ်လပ်မှုကဲ့သို့သော စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း၊ အင်ဒိုနီးရှားသည်လည်း အယ်လ်နီညိုဖြစ်စဉ်၊ ရာသီဥတုပြောင်းလဲမှုနှင့် လယ်ယာမြေများအား အခြားနည်းလမ်း ပြောင်းလဲအသုံးပြုမှု စသည့် ခြိမ်းခြောက်မှုများစွာကို စိုက်ပျိုး‌ရေးကဏ္ဍ၌ ကြုံတွေ့လာရကြောင်း၊ သို့ဖြစ်ရာ ခြောက်သွေ့ရာသီဥတုဖြစ်ပေါ်ပါက အရန်သင့်သုံးစွဲနိုင်ရန်အတွက် ကျေးလက်ဒေသအာဏာပိုင်အဖွဲ့များအနေဖြင့် ဆည်တာတမံများ တည်ဆောက်လျက် ရေသိုလှောင်စုဆောင်းရန် တိုက်တွန်းလိုကြောင်းဖြင့် Maringka က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ လယ်ယာလုပ်ငန်းဆောင်ရွက်သည့် တောင်သူလယ်သမား အများစု သည် စိုက်ပျိုးဧရိယာအားဖြင့် ၀.၄ ဟက်တာ ခန့်သာရှိသော လုပ်ကွက်ငယ်တောင်သူများ ဖြစ်ကြောင်း၊ လူငယ်မျိုးဆက်များသည် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါဝင်စားမှုနည်းပါးသဖြင့် ၎င်းတောင်သူများသည် အသက် ၄၅ နှစ်အထက်ရှိ အသက်အရွယ်ကြီးမြင့်သူများဖြစ်ကြောင်းဖြင့် Antara News သတင်းဌာနက ဖော်ပြပါသည်။

Source: Antara News, 28 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)