Languages

၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ ဆန်အထွက် ၂ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိ

Powered by Drupal

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ရာသီဥတုခြောက်သွေ့ကာ စပါးအထွက်နှုန်းအပေါ် ထိခိုက်စေခဲ့ရာ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ ဆန်ထွက်ရှိမှုမှာ ၂ ရာခိုင်နှုန်း လျော့နည်းလျက် မက်ထရစ်တန်ချိန် ၃၀.၉၀ သန်းသို့ ကျဆင်းနိုင်ဖွယ်ရှိကြောင်း အင်ဒိုနီးရှား စာရင်းအင်းဗျူရိုမှ ခေတ္တအကြီးအကဲဖြစ်သူ Amalia Adininggar Widyasanti က ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ခန့်မှန်းချက်သည် သြဂုတ်လ၏ အထွက်နှုန်းအချက်အလက်နှင့် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရိတ်သိမ်းနိုင်မည့် ခန့်မှန်းချက်တို့ကို အခြေခံထားခြင်းဖြစ်သည်။ ယခင်နှစ်၌ စိုက်ပျိုးဧရိယာ ဟက်တာ ၁၀.၄၅ သန်းမှ စပါးများ ရိတ်သိမ်းနိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်အတွက် စပါးရိတ်သိမ်းဧရိယာသည် ဟက်တာ ၁၀.၂ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

ဆိုပါ စာရင်းအင်းဗျူရို၏ စာရင်းများအရ အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဆန်တန်ချိန် ၁.၇၉ သန်း တင်သွင်းခဲ့ကြောင်း၊ ယခင်နှစ် ကာလတူ၌ တင်သွင်းမှုထက် ဆန်တန်ချိန် ၂၈၈၇၀၇ တန် ပိုမိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံထံမှ အများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်၌ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့ထံမှ တင်သွင်းခဲ့ကြောင်း၊ ယခုနှစ် အစောပိုင်းက ထုတ်ပြန်ခဲ့သည့် သွင်းကုန်ခွဲတမ်း ဆန်တန်ချိန် ၂.၃ သန်းအပြင် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကို ထပ်မံတင်သွင်းရန်စီစဉ်လျက်ရှိကြောင်း စင်ကာပူ Business Times သတင်းဌာနက ဖော်ပြပါသည်။

Source: Business Times, 16 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)