Languages

အိန္ဒိယနိုင်ငံ၌ အဓိက ဆည်တာတမံများတွင် ရေသိုလှောင်မှုလျော့ကျ

Powered by Drupal

အိန္ဒိယနိုင်ငံအတွင်းရှိ အဓိကရေလှောင်တမံ ၁၅၀ ခု၌ ရေသိုလှောင်မှုအဆင့်သည် သိုလှောင်နိုင်စွမ်းပမာဏ ကုဗမီတာ ၁၇၈.၇၈၄ ဘီလီယံအပေါ် ယခင်ရက်သတ္တပတ်တွင် ၇၄% ရှိခဲ့ရာမှ ယခုသီတင်းပတ်၌ ၇၃% သို့ ကျဆင်းခဲ့ပါသည်။

ရေသိုလှောင်နိုင်မှုမှာ ယခင်နှစ်ထက် ၁၉% လျော့နည်းခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်တာကာလ၏ ပျမ်းမျှနှင့်နှိုင်းယှဉ်လျှင် ၈% ကျဆင်းခဲ့ပါသည်။ ဗဟိုရေကော်မရှင်၏ အပတ်စဉ်သတင်းလွှာအရ နိုင်ငံအတွင်း နယ်မြေဒေသများအားလုံးတွင် ရေသိုလှောင်မှုအဆင့်များ ကျဆင်းခဲ့ခြင်းနှင့်အတူ လက်ရှိရေသိုလှောင်နိုင်မှုမှာ ကုဗမီတာ ၁၂၉.၆၃၆ ဘီလီယံဖြင့် ယခင်ရက်သတ္တပတ်၏ ကုဗမီတာ ၁၃၂.၀၃၇ ဘီလီယံထက် လျော့နည်းခဲ့ပါသည်။ အဓိကအကြောင်းအရင်းမှာ နိုင်ငံ၏ ဒေသအများအပြား၌ မိုးရွာသွန်းမှု မရှိခြင်း၊ မိုးရေအလုံအလောက်မရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်းဖြင့် သိရပါသည်။

အိန္ဒိယမိုးလေဝသဦးစီးဌာန၏ အချက်အလက်များအရ ခရိုင် ၇၁၃ ခုအနက် ၈% သည် ယခုလ အစကတည်းက မိုးရွာသွန်းမှုမရှိခဲ့ကြောင်း၊ ၃၄% မှာ မိုးရေချိန် အလွန်နည်းပါးခဲ့ကြောင်း၊ ၁၈% မှာ မိုးရေချိန် နည်းပါးမှုရှိကြောင်း၊ ၁၂% သာ မိုးရေချိန် ပုံမှန်ရရှိခဲ့ကြောင်း သိရပါသည်။

ဗဟိုရေကော်မရှင်၏ အချက်အလက်များအရ ရေသိုလှောင်မှုနှင့်စပ်လျဉ်း၍ ရေလှောင်ကန် ၁၀၆ ခုသည် သာမန်အဆင့်၏ ၈၀% ကျော်ရှိကြောင်း၊ ၄၄ ခုမှာ ၈၀% နှင့် ၈၀% အောက်ရှိကြောင်း၊ အဆိုပါ ၄၄ ခုအနက် ၁၃ ခု ၏ ‌ရေသိုလှောင်မှုသည် သာမန်အဆင့်၏ ၅၀ % အောက်ရှိကြောင်း၊  ယခင်သီတင်းပတ်၌ ကိန်းဂဏန်းများမှာ ၁၁၄၊ ၃၆၊ ၁၁ အသီးသီးဖြစ်ခဲ့၍ ယခုရက်သတ္တပတ်၏ ကိန်းဂဏန်းများအရ မိုးရေခံရပ်ဝန်းများတွင် မိုးရွာသွန်းမှု နည်းပါးလျက်ရှိသည်ဟု ညွှန်ပြနေကြောင်းဖြင့် သိရပါသည်။

ဆောင်းသီးနှံများကို စိုက်ပျိုးချိန်တွင် ရေသိုလှောင်မှု နည်းပါးခြင်းသည် အထူးသဖြင့် ဆည်မြောင်းရေဖြင့် စိုက်ပျိုးမည့်ဒေသများအတွက် စိုးရိမ်ဖွယ်ရှိပြီး အရှေ့မြောက်မုတ်သုံရာသီ ဝင်ရောက်မှုနောက်ကျခြင်းမှာလည်း အိန္ဒိယမိုးလေဝသဌာန၏ ခန့်မှန်းမှုများကို အားနည်းစေဖွယ် ရှိပါသည်။

ဗဟိုရေကော်မရှင်၏ သတင်းလွှာအရ အိန္ဒိယတောင်ပိုင်းဒေသများ၏ အခြေအနေမှာ အနည်းငယ်စိုးရိမ်ရကြောင်း၊ ရေသိုလှောင်နိုင်စွမ်း ကုဗမီတာ ၅၃.၃၃၄ ဘီလီယံ ဝင်ဆံ့မှုအပေါ် ယခင်ရက်သတ္တပတ်တွင် ၄၉% ရှိခဲ့ရာမှ ကုဗမီတာ ၂၅.၃၆၁ ဘီလီယံဖြင့် ၄၈% သာရှိကြောင်း၊ ပြည်နယ်အများအနက် တမီလ်နာဒူး၊ ကီရာလာဒေသများတွင် အခြေအနေ တိုးတက်လာခဲ့သော်လည်း ကာနာတကာ၊ အင်ဒရာပရာဒေ့ရှ်နှင့် တီလန်ဂါနာပြည်နယ်များတွင် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့ကြောင်း သိရပါသည်။

နိုင်ငံ၏ မြောက်ပိုင်းဒေသများတွင် ရေဝင်ဆံ့နိုင်မှုပမာဏ ကုဗမီတာ ၁၉.၆၆၃ ဘီလီယံ အပေါ် ယခင်သီတင်းပတ်တွင် ၈၂.၃% ရှိခဲ့ရာမှ ယခု ကုဗမီတာ ၁၅.၉၁၄ ဘီ လီယံဖြင့် ၈၀.၉% ရှိကြောင်း၊ နိုင်ငံအရှေ့ပိုင်းဒေသများ၌ ရေဝင်ဆံ့နိုင်မှုပမာဏမှာ ကုဗမီတာ ၂၀.၄၃၀ ဘီလီယံ ရှိပြီး ယခင်သီတင်းပတ်တွင် ရေသိုလှောင်မှုအဆင့် ၈၀% ရှိခဲ့ရာမှ ယခု ကုဗမီတာ ၁၅.၇၆၄ ဘီလီယံ ဖြင့် ၇၇.၁% သို့ကျဆင်းခဲ့ကြောင်း၊ အလယ်ပိုင်းဒေသများ၌ ယခင်သီတင်းပတ်တွင် ရေသိုလှောင် ဝင်ဆံ့နိုင်မှု၏ ၈၄% သိုလှောင်ထားရှိရာမှ ယခု ၈၃% သို့ လျော့ကျသွားကြောင်း၊ အနောက်ပိုင်းဒေသများတွင် ရေသိုလှောင်နိုင်မှုမှာ ဝင်ဆံ့နိုင်မှု၏ ၁% လျော့ကျလျက် ၈၈% သိုလှောင်ထားကြောင်း Hindu Business Lineသတင်းဌာနက ဖော်ပြထားပါသည်။

Source: The Hindu Business Line, 20 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)