ကျောက်ပန်းတောင်းမြို့နယ်၏ မန်ကျည်းအမှည့်ဈေးကွက်အခြေအနေ

   မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ကြောင်း၊မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်ရှိသောမြို့များမှာ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့များဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဓိကထွက်ရှိသော ကျေးရွာများမှာ ပုပ္ပါး၊ ဆုံကုန်း၊ မြောက်တော၊ ချိုင်း၊ ပုပ္ပါးလွင်၊ သံဘို၊ ဆည်ပေါက်၊ ညောင်ကန်ကျေးရွာတို့ဖြစ်သည်။ ပုပ္ပါးကျေးရွာအုပ်စုမှထွက်ရှိသော မန်ကျည်းသီးမှာ အရည်အသွေးအကောင်းမွန်ဆုံးဖြစ်သည်။ ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ဇန်နဝါရီလ နောက်ဆုံးပတ်မှစ၍ မန်ကျည်းအသားအလုံး အဖြစ် စတင်အရောင်းအဝယ်ပြုလုပ်ကြသည်။ မန်ကျည်းသီးမှည့်တွင် အကြောပါအစေ့ပါမန်ကျည်း သီးမှည့်၊ အကြောမပါအစေ့ပါ မန်ကျည်း သီးမှည့်နှင့် အကြောမပါအစေ့မပါ မန်ကျည်းသီးအသား ဖတ်ဟူ၍ သုံးမျိုးရှိပြီး ဈေးကွက်အတွင်း အကြောမပါအစေ့ပါ မန်ကျည်းသီးမှည့်(အသားဖတ်)များကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်ကို အကြောသင်ခြင်း၊ အစေ့ထုတ် ခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့် တက်ဈေး ပိုရကြောင်းသိရသည်။၂၀၂၅ ခုနှစ် ဇွန်လတွင် မန်ကျည်းသီးမှည့်အစေ့ပါလက်ကားထိပ်စ တစ်ပိ ဿာလျှင် (၄၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ မန်ကျည်းသီးမှည့် အစေ့လွတ် (အသား)တစ်ပိဿာလျှင် (၉၀၀၀)ကျပ်နှင့် မန်ကျည်းမှည့် အကြောမပါအစေ့မပါတစ်ပိဿာ လတ်စ (၈၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင် မေလကာလတူနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လ အတွင်း မန်ကျည်းမှည့်အစေ့လွတ်ထိပ်စ အသားတစ်ပိဿာလျှင်(၂၂၀၀)ကျပ်ခန့် တက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။ မန်ကျည်းသီးမှည့်အသားများကို မြို့ပေါ်ရှိ ပွဲရုံများမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များ နှင့် မုန့်ပြားသလက်ဆိုင်များမှ မန်ကျည်းသီးအချဉ်ရည်များ ပြုလုပ်ရန်အတွက်ဝယ်ယူခြင်း၊ လုပ်ငန်း ရှင် မန်ကျည်းပွဲစားကြီးများမှလည်း သိုလှောင်ရန် အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံများသို့လည်း တင်ပို့လျက်ရှိကြောင်း ဒေသခံကုန်သည်တစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)