တိုးချဲ့စိုက်ပျိုးသင့်သည့် “ဝါ”သီးနှံ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်၍ စိုက်ပျိုးရေးထွန်းကားရာ နိုင်ငံဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးရာမှ “ဝါ”သီးနှံကိုလည်း အဓိကဦးစားပေး သီးနှံအဖြစ် အစဉ်အဆက် စိုက်ပျိုးခဲ့ ကြသည်။ လူသားတို့ အသက်ရှင်ရပ်တည်နေထိုင်မှုတွင် စာရေး၊ ဝတ်ရေး၊ နေရေးဟူသည့် အရေး (၃)ပါးရှိသည့်အနက် ဝတ်ရေးအတွက် “ဝါ”သည် အစဉ်အမြဲလိုအပ်သော ကုန်ပစ္စည်းဖြစ်သည့် အားလျော်စွာ“ဝါ”သီးနှံကို စိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်သည့်လုပ်ငန်းကို နိုင်ငံ တိုင်းက ဦးစားပေးဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာပေါ်တွင် “ဝါ” စိုက်ပျိုးသည့် နိုင်ငံပေါင်း (၁၀၀)ကျော်ရှိပြီး စိုက်ဧကပေါင်း (၈၂)သန်းခန့် ရှိကြောင်း သိရှိရသည်။ ကမ္ဘာ့လူဦးရေ ၄ ပုံ ၃ ပုံခန့် သည် ဝါဂွမ်းမှ ထုတ်လုပ်သော ဝါချည်မျှင်ဖြင့် ရက်လုပ်ထားသည့် ချည်သားအဝတ်အထည်များကို ဝတ်ဆင်မှုများကြသည်။ လူ့အသုံးအဆောင်ပစ္စည်းများအပြင် ဝါမှရရှိသော ဝါကြိတ်ဖတ်သည်လည်း တိရိစ္ဆာန်အစားအစာအတွက်အသုံးဝင်ပြီးဝါစေ့မှ စက်မှုကုန်ကြမ်း ဝါစေ့ဆီကိုလည်း ထုတ်လုပ်ခြင်း ဖြစ်၍ ပြည်တွင်း၌ များစွာလိုအပ်လျက်ရှိသော ကမ္ဘာ့အရေးကြီးဆုံးသော လယ်ယာထွက်ကုန် သီးနှံ တစ်မျိုးဖြစ်သည်။
မြန်မာနိုင်ငံတွင် “ဝါ”သီးနှံကို မိုးရွာသွန်းမှုနည်းပြီး ရာသီဥတုပူပြင်းသောဒေသများတွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်း အောင်မြင်သည်။ စိုက်ပျိုးမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စိုက်ဧကအများဆုံး စိုက်ပျိုး ကြပြီး ကာလမတူ နေရာဒေသကွဲပြားစွာ စိုက်ပျိုးကြသည်။ ဝါကြီး၊ ဝါကလေးနှင့် ချည်မျှင်ရှည်ဝါ အမျိုးအစားတို့ကို စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါကို အများဆုံးစိုက်ပျိုးကြသည်။ ဝါကြီးမျိုးကို မိုးများ သည့် ပြည်နှင့်သရက်ခရိုင်များတွင် အများဆုံးစိုက်ပျိုးပြီး ဝါကလေးမျိုးကို မိုးနည်းရပ်ဝန်းဒေသ ဖြစ်သည့် မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း၊ မုံရွာ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ တောင်တွင်းကြီး မင်းဘူးခရိုင်များတွင် အများဆုံး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။
“ဝါ” အထွက်နှုန်း တိုးတက်ရေးနှင့် အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်ပြီး သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး “ဝါ”သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် စက်မှုကုန်ကြမ်းသီးနှံ“ဝါ”မှတစ်ဆင့် ဝါဂွမ်း၊ ထိုမှတဆင့် ချည်ငင်ပြီး ချည်ထည်များ ထုတ်လုပ်ခြင်းဖြစ်၍ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး “ဝါ”ကြိတ်စက်များ ထုတ်လုပ်နိုင်ရေး ပြည်တွင်းမှထွက်ရှိသော ဝါဂွမ်းများ ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ပြီး ချည်ကုန်ချော၊ အဆင့်မြှင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း၌ များစွာလိုအပ်လျက်ရှိသော စက်မှုကုန်ကြမ်း “ဝါ” သီးနှံ တိုးမြှင့်စိုက်ပျိုးရန်အတွက် “ဝါ” စိုက် တောင်သူများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြ သည်။ မြန်မာနိုင်ငံတွင် ယခု“ဝါ”စိုက်ဧက(၅)သိန်းခန့်ရှိသော်လည်း စိုက်ဧက(၇)သိန်းခန့်ထိ တိုးမြှင့် စိုက်ပျိုးနိုင်ပြီး တစ်ဧက “ဝါ” ပိဿာ (၇၀၀)ခန့်ထိ ထွက်ရှိရန် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပတင်ပို့နိုင်သည်အထိ နိုင်ငံတော် အစိုးရမှ “ဝါ”သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို အားပေးမြှင့်တင် ဖော်ဆောင်ပေးလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးသည် “ဝါ”သီးနှံကို အဓိကသီးနှံအဖြစ်စိုက်ပျိုးလျက်ရှိပြီး အောင်လံ၊ တောင်တွင်းကြီး၊ သရက်နှင့် ပခုက္ကူ၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုး ကြပြီး “ဝါ”သီးနှံကို မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်သည်။ မိုးကြိုဝါကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မိုးဝါကို မေလလယ်မှ ဇွန်လအတွင်း ချည်မျှင်ရှည်ဝါကို ဩဂုတ်လ နှင့် စက်တင်ဘာလအတွင်းစိုက်ပျိုးကြသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် “ဝါ”သီးနှံစိုက်ပျိုးမှုဧက (၁၄၁၁၄၂)ခန့် စိုက်ပျိုးသော်လည်း နောက်ဘဏ္ဍာနှစ်များမှစ၍ နယ်မြေအခြေအနေအရ “ဝါ”စိုက် ပျိုးမှုဧကလျော့နည်းလာပြီး စိုက်ဧက(၇၀၀၀၀)ဝန်းကျင်ခန့်သာ စိုက်ပျိုးလျက်ရှိသည်။ “ဝါ” အထွက် နှုန်းအနေဖြင့် တစ်ဧက တောင်သူတစ်ဦးချင်း သွင်းအားစုသုံးစွဲပုံနှင့် ရေမြေရာသီဥတု မတူညီကွဲပြား ၍ တစ်ဧက “ဝါ” ပိဿာ(၃၀၀ မှ ၆၀၀)ခန့်ထိ ထွက်ရှိကြောင်း၊ “ဝါ” (၃)ပိဿာကြိတ်လျှင် ဝါဂွမ်း (၁)ပိဿာထွက်ရှိကြောင်း သိရှိရသည်။
“ဝါ”စိုက်ပျိုးရာတွင် အထွက်နှုန်းများပြီး ဝါဂွမ်းအရည်အသွေးကောင်းသည့် ငွေချည်(၆)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် ငွေချည်(၉)ဝါမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ငွေချည်(၆)၊ ရွှေတောင်(၈)နှင့် ငွေချည်(၉)တို့သည် အပင်ကြီး၍ ကိုင်းဖြာသည့်အတွက် ပင်ကြား တန်းကြား(၃)ပေအကွာထား၍ စိုက်ပျိုးပြီး ငွေချည်(၉)ဝါမျိုးမှာ အပင်းသေး၍ ကိုင်းဖြာမှု အားနည်း ၍ ပင်ကြားတန်းကြား (၂)ပေအကွာထား၍ စိုက်ပျိုးနိုင်သည်။ “ဝါ”အထွက်ကောင်းရန်အတွက် စိုက်ပျိုးရာတွင် သဘာဝဓါတ်မြေ ဩဇာ၊ နွားချေး၊ ဆိတ်ချေး၊ သစ်ရွက် မြေဆွေးနှင့် ကွန်ပေါင်း ဓါတ်မြေဩဇာများကို တွဲဖက်အသုံးပြုပါက“ဝါ”ပင်ကို အကြီးမြန်စေပြီး ရေအစိုဓါတ်ကို ထိန်းသိမ်း နိုင်သည်။ “ဝါ”သီးနှံသည် ရေလုံလောက်မှုရရှိပါသာ “ဝါ”အထွက်ကောင်းမည်ဖြစ်ပြီး ရေအစိုဓါတ် လုံလောက်စွာရရှိမှုမရှိပါက ရေသွင်းပေးရန် လိုအပ်ပါသည်။ ဝါဂွမ်းအရည်အသွေးကောင်းစေရန် အတွက် “ဝါ”အသီးအပွင့်လိုက်ပြီး ပွင့်ချိန်တွင် သီးနှံဖျက်ပိုး ကျရောက်မှု ကင်းစေရန်နှင့် ပိုးမွှားများ ဒဏ်မှ ကာကွယ်ရန် ပိုးသတ်ဆေးနှင့် အားဆေး ပက်ဖြန်းပေးမှသာ အရည်အသွေးကောင်းသော “ဝါ”များ ထွက်ရှိမည်ဖြစ်သည်။ “ဝါ” စိုက်ပျိုးရာတွင် မိမိတို့ ရေမြေဒေသနှင့် ကိုက်ညီသော အထွက် နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့် “ဝါ”မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်သူတောင်သူများသို့ ဖြန့်ဖြူးပေးနိုင်ပါက အထွက်နှုန်းကောင်းမွန်လာပြီး ဝင်ငွေများလည်းပိုမိုရရှိကာ ဝါလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးတွင် “ဝါ”စိုက်ပျိုး၍ ဝါကြိတ်စက်များရှိသော်လည်း ဝါဂွမ်းဖတ်အထိ သာ ထုတ်လုပ်နိုင်၍ အဆင့်အတန်းမီဝါချည်များ ထုတ်လုပ်နိုင်မှုမရှိသေး၍ ထွက်ရှိသည့် ဝါဂွမ်း များကို မန္တလေးချည်မျှင်နှင့်အထည်စက်ရုံ၊ ပလိပ်ချည်မျှင်နှင့်အထည်စက်ရုံ၊ မိတ္ထီလာချည်မျှင်နှင့် အထည်စက်ရုံများသို့ ရောင်းချလျက်ရှိသည်။ “ဝါ”ဈေးကွက်အနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ သီးနှံ ပေါ်စတွင် “ဝါ” တစ်ပိဿာလျှင် ကျပ်(၃၄၀၀-၃၂၀၀)၊ ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် “ဝါ” တစ်ပိဿာလျှင် ကျပ်(၃၃၀၀-၃၂၀၀-၂၉၀၀)၊ ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်(၈၅၀၀-၈၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၁၃၀၀-၁၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ “ဝါ”နှင့် “ဝါ”ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့နယ်မြေဒေသနှင့်ကိုက်ညီသော အထွက်နှုန်း ကောင်း၊ မျိုးကောင်းမျိုးသန့် “ဝါ”များကို စိုက်ပျိုးထုတ်လုပ်တောင်သူများသို့ ဖြန့်ဖြူးပေးနိုင်ပါက အထွက်နှုန်းကောင်းပြီး အရည်အသွေး အဆင့်မီ “ဝါ”များထွက်ရှိကာ ဈေးနှုန်းဈေးကွက်ကောင်းပြီး တောင်သူများ စီးပွားရေးအဆင်ပြေလာမည်အပြင် “ဝါ”လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်၍ လူနေမှု အဆင့်အတန်းများလည်း မြင့်မားလာမည်ဖြစ်သည်။
လူသားတိုင်းသည် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် မွေးဖွားခြင်းမှစ၍ သေဆုံး သည်အထိတိုင်အောင် အဝတ်အထည်ကို ဝတ်ဆင်ကြရသည်။ ဝါချည်ဖြင့် ရက်လုပ်ထားသော အဝတ်အထည်များသည် ကျန်းမာရေးနှင့်ညီညွှတ်ခြင်း၊ ငွေကြေးသင့်တင့် မျှတစွာဖြင့် ဝယ်ယူနိုင်၍ လူအများစု ဝယ်ယူအသုံးပြုနိုင်သော အထည်အလိပ်များဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ခြင်း တို့ကြောင့် ယနေ့တိုင် လူသုံးများလျက်ရှိကြသည်။ “ဝါ”သီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်း၌ အဝတ်အထည်နှင့် အသုံးအဆောင်များ ပိုမိုထုတ်လုပ်လာနိုင်ပြီး ပြည်ပမှအဝတ် အထည်များ တင်သွင်းမှု လျှော့ချနိုင် မည်ဖြစ်သည်။ လူအများစုမှာ အပူဒဏ်ကို ကာကွယ်နိုင်ရန် အတွက် ခန္ဓာကိုယ်တွင် အေး၍ပေါ့ပါးပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် ချည်ထည်များကို ရွေးချယ် ပြီး ဝတ်ဆင်ကြ၍ ချည်ထည်ရက်လုပ်သော လက်ရက်ကန်းမှသည် စက်ရက်ကန်းစင်များအထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ “ဝါ”ကုန်ကြမ်းသီးနှံမှ အထည်အလိပ်၊ စက်မှုကုန်ကြမ်းဆီနှင့် ဝါကြိတ် ဖတ် စသည့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုန်လုပ်နိုင်၍ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး “ဝါ”နှင့်ချည်မျှင်များကို အသုံးပြုထုတ်လုပ်သော စက်ရုံ အလုပ်ရုံလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာ၍ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များစွာ ပိုမိုရရှိလာမည်ဖြစ်သည့်အတွက် “ဝါ”စိုက်ပျိုးမှုအား ယခင်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန် လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)
- Log in to post comments

















