မိန်းမအသက် ကရမက်၏ ဆေးဖက်ဝင်ပုံ

ကရမက်မှာ အရောင်အားဖြင့် ဝါညိုနုရောင်၊ ညိုနုရောင်၊ အမည်းရောင် ရှိပါတယ်။ အသား ကတော့ အကျစ်နဲ့အပွရှိပါတယ်။ ကရမက်က အတုံးဟောင်းလေ အနံ့မွှေးလေပါပဲ။ ဟောင်းလေ ကောင်းလေဖြစ်သည်မို့ အတုံးသစ်နဲ့အတုံးဟောင်းဆိုရင် အတုံးဟောင်းကိုပဲ ရွေးချယ်ဝယ်ယူသင့်ပါ တယ်။ အချို့က ကရမက်ကို ရာသီဥတုပူတဲ့နွေရာသီမှာပဲ လူးသင့်တယ်လို့ ထင်ကြပါတယ်။ အမှန် တော့ ကရမက်ဟာနွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လူးပေးသင့်ပါတယ်။ နေရောင်ခြည်ရဲ့အပူဓာတ်၊ မီးချောင်း၊ မီးသီးစသော လျှပ်စစ်မီးတွေရဲ့အပူဓာတ်၊ ထမင်း၊ဟင်းချက်တဲ့အခါမှာ မျက်နှာကိုဟပ်တဲ့ အပူဓာတ်၊ TV၊မိုဘိုင်းဖုန်းတွေကရရှိတဲ့အပူဓာတ် စသောအပူဓါတ်များကို နေ့စဉ်ကြုံတွေ့နေရခြင်း၊ ဝမ်းထဲကို ထည့်လိုက်တဲ့ အပူအစပ် အစားအစာများ၊ ရေခဲရေသောက်ခြင်း၊  အစားအသောက်မှား ခြင်း၊ အနေအထိုင်မှားခြင်းစတဲ့ အပူဓာတ်တွေကို ကရမက်သည် နိုင်နင်းပါတယ်။ မျက်နှာမှာ တင်းတိပ်၊ မှဲ့ခြောက်၊ အမဲကွက်တွေထွက်နေတာဟာလည်း အပူဓာတ်ကြောင့်ဖြစ်တဲ့အတွက် အနိုင်ဆုံးဟာ အအေးဓာတ်နဲ့အခါးဓာတ်ရှိတဲ့ ကရမက်ပါပဲ။ အပူဓါတ်များရင် ဆံပင်ဖြူမြန်ပါတယ်။ ကရမက်သည် ဒွါရအားလုံးရဲ့အပူကို ငြိမ်းစေနိုင်ပါတယ်။ ဆံပင်ဖြူမြန်တာ၊ အသားပိုတွေထွက်တာ၊ ညှင်း၊ ခရုသင်း ပေါက်တာ၊ ပါးစပ်၊ နှုတ်ခမ်း၊ လျှာ၊ အာခေါင်ကွဲ စသောခံတွင်းအနာများကို နေ့စဉ် ကရမက်လိမ်းပေး၊ ကရမက်စားပေးပြီး အစားအသောက်၊အနေအထိုင် ဆင်ခြင်မယ်ဆိုရင် ခန္ဓာ ကိုယ်တွင်းမှာ အပူများလို့ ဖြစ်တတ်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ကရမက်ကို သွေး၍ ဆားအနည်းငယ်ခတ်ပြီး အိပ်ရာဝင်ခါနီးတိုင်း ဟင်းခပ်ဇွန်း တစ်ဇွန်း သောက်ပေးမယ်ဆိုရင် ဆံပင်များ အထွေးလိုက်ကျွတ်ခြင်း၊ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း များမှ ကာကွယ်နိုင်ပါတယ်လို့ တိုင်းရင်းဆေးဆရာကြီးတစ်ဦးက ပြောထားပါတယ်။

            အမျိုးသမီးအသက် ကရမက်ဟု တင်စားထားသော်လည်း အမျိုးသားများပါ ကရမက် လိမ်း သင့်ပါတယ်။ ကရမက်လိမ်းတဲ့အခါ ဘယ်ခြေညာလက်၊ ညာခြေဘယ်လက်နည်းပုံစံနဲ့ လိမ်းသင့် ပါတယ်။ တင်းတိပ်ရှိတဲ့နေရာကို ဆေးလိမ်းမည်ဆိုပါက ခြေ၊လက်လိမ်းသလို ပွတ်ပြီး မလိမ်းရပါ ဘူး။ အသားထဲ စိမ့်ဝင်အောင် အသာအယာ ဖိလူးပေးရပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူဓါတ်တွေ ငြိမ်းအောင်လည်းကရမက်ကို ခပ်ပျစ်ပျစ်သွေးကာ လက်တစ်ကော်ခန့် စားပေးရပါမယ်။ ခေါင်းတစ် ခြမ်းကိုက်ခြင်း၊ မီးတွင်းခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်ရိုးကိုက်၍ ခေါင်းအုံ၊ ခေါင်းမကြည် လင်ခြင်းအတွက် ကရမက်အမှုန့် သို့မဟုတ် ကရမက်ခုတ်စကို နနွင်းမှုန့်နှင့် ရော၍မီးခဲပေါ်တင်ပြီး အငွေ့မှိုင်းကိုရှူပေးလျှင် ချက်ခြင်းသက်သာ၏။ ခန္ဓာကိုယ် အနံ့ဆိုးခြင်းအတွက် ကရမက်၊ ဥပသ ကာမြစ်တို့ကို သွေး၍သွေးရည် ဟင်းစားဇွန်း(၁)ဇွန်းတွင် သံပုရာရည် ဇွန်းတစ်ဝက်စပ်၍ တနေ့ (၂)ကြိမ်စွဲသောက်ပါ။ ရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍ အိပ်မပျော်သူများအတွက် ကရမက်၊ ဇီးစေ့အဆန်၊ သကြား ဆတူရောအမှုန့်ပြု၍ ကော်ဖီဇွန်း(၁)ဇွန်း တစ်နေ့(၂)ကြိမ်၊ ရေကျက်အေးဖြင့် သောက်ပါ။ ဆီးအိမ်ထဲတွင် ဆီးရှိသော်လည်း ဆီးခုံရောင်တင်း၍ ဆီးပူ၊ဆီးအောင့်၊ ဆီးမသွားနိုင်ခြင်း အတွက် ကရမက်ကို ဆန်ဆေးရည်(ပထမအရည်)နှင့် ရောသွေးကာ ဆီးခုံနှင့်ဆီးသွားအင်္ဂါတွင် လိမ်းအုံ ပေးပါက ချက်ခြင်းဆီးသွားနိုင်ပါမည်။ ဆီးပူခြင်း၊နည်းခြင်း၊ဝါခြင်း၊ ကျောက်ကပ်တွင်း အပူအောင်း ပြီး ခါးနာခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးတွင်သွေးပါခြင်းအတွက် ကရမက်ကို ဆန်ဆေးရည် (ဒုတိယ ရေကြည်)နှင့် ရောသွေး၍ ဟင်းစားဇွန်း(၁)ဇွန်းခန့်၊ တစ်နေ့(၃)ကြိမ် တစ်ပတ်ခန့် သောက် သုံးပေးရမှာ ဖြစ်ပါတယ်။ ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊ အရေပြား၌အဖု၊ အပိန့်ထွက်ခြင်း အတွက် ကရမက်နှင့် ဧကရာဇ်မြစ် (၂) မျိုးရောသွေး၊ သကြားကော်ဖီဇွန်း(၁)ဇွန်းရောစပ်၍ ဟင်းစား ဇွန်း(၁) ဇွန်း နံနက်၊ ညသောက်ပေးပါ။ သွေးစုနာ၊ အနာစာဥ၊ အဖုအကျိတ်နာများအတွက် ကရမက်၊ နံ့သာဖြူ၊ ဇာတိပ္ဖိုလ်သီးအဆံ (၃)မျိုးရောသွေး၍ တစ်နေ့(၄-၅)ကြိမ်လိမ်းပေးပါ။ မီးယပ်သွန်၊ မီးယပ်လွန်၊ သားအိမ်တွင် အနာချို့ယွင်းချက်ရှိသူများအတွက် ကရမက်သွေးရည် ဟင်းစားဇွန်း (၁) ဇွန်းတွင် နနွင်းမှုန့်စစ်စစ်ကော်ဖီဇွန်း(၁)ဇွန်းရောစပ်ပြီး တစ်နေ့(၃)ကြိမ် ရေကျက်အေးဖြင့်သောက် ပါ။ မီးယပ်အဖြူဆင်းလျှင် ကရမက်ကို ဆန်ဆေးရည်ဒုတိယအရည်နှင့်ရောသွေး၍ ဆေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင် သကြားဇွန်းတစ်ဝက်၊သံပုရာရည်ဇွန်းတစ်ဝက် ထို(၃)မျိုးပေါင်းပြီး ဟင်းစားဇွန်း(၂) ဇွန်းခန့်အား နံနက်၊ညသောက်ပါ။ အနာရွတ်ဖြူခြင်း၊ မီးယပ်ကွက်ပေါ်ပြီး အဖြူ ကွက်၊ကြက်ဖင်ကွက်၊ ညှင်းပေါက်ခြင်းအတွက် ကရမက်၊နံ့သာနီရောသွေး၍ တစ်နေ့(၃)ကြိမ်ခန့် လိမ်းပေးပါ။ အပူဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်းအတွက် ကရမက်သွေးရည်ဟင်းစားဇွန်း (၁) ဇွန်းတွင် မီးကွင်းဂမုန်း သတ္တုရည် ဟင်းစားဇွန်း(၁)ဇွန်း၊ သကြားဟင်းစားဇွန်း(၁)ဇွန်းရောစပ်ကာ တစ်နေ့(၃)ကြိမ်တိုက်ပေးပါ။ အပူလောင်နာများအတွက် ကရမက်ပျစ်ပျစ်သွေးပြီး တရော်ကင်ပွန်း ရည်နှင့်စပ်၍ မကြာခဏ လိမ်းပေးပါ။ အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊ အညှော်မိ မန်းဝင်၊ အနာရောင် ခြင်းအတွက် ကရမက်၊ ဇာတိပ္ဖိုလ်သီးအဆံ ကိုရောသွေးပြီး နိုင်နိုင်လိမ်းပေးပါက ယူပစ်သလို သက်သာပါမည်။ ကလေးများ အနာမီး၊ အနာစက် ရောဂါများအတွက် ကရမက်၊ သြဇာသီးအခြောက်၊ အုန်းဆီနှင့်ရောသွေးပြီး အနာကို မကြာခဏလိမ်း ပေးက သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေး၊လူကြီး အဖျားကြီး၍ ကိုယ်ပူကြီးခြင်းအတွက် ကရမက်၊နံ့သာဖြူ(၂)မျိုး ရောသွေး၍ နဖူးကိုဦးစွာစလိမ်းပါ။ (၅)မိနစ်ခန့်စောင့်ပါက အပူများထွက်ပါမည်။ ၎င်းနောက် နဖူးနှင့်ချိုင်းနှစ် ဖက်ကိုလိမ်းပါ။ (၅)မိနစ်ခန့်ထပ်စောင့်ပါ။  ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆေးရည်နိုင်နိုင်လိမ်းခြင်း အားဖြင့် အပူများပြင်ပသို့ လမ်းကြာင်းသင့်စွာ ထွက်ခွာနိုင်ပါလိမ့်မည်။

            အပူကြီးသောသူများအနေဖြင့် ဆေးရည်ကို ခန္ဓာကိုယ်အနှံ့သို့ တစ်ခါထဲမလိမ်းရန်နှင့် ခန္ဓာကိုယ်၏ အပူနှင့်ပြင်ပမှဆေးရည်၊ဆေးငွေ့တို့ ရုတ်တရက်ထိတွေ့ပါက ရေနွေးပူထည့်သော ဖန်ခွက်ကို ရုတ်ခြည်း ရေအေးထည့်သကဲ့သို့ အပူအအေးဝိရောဓိဓာတ်ပြင်းထန်ပြီး ဖန်ခွက်လန့်၍ ကွဲသကဲ့သို့ ခန္ဓာကိုယ်သည်လည်း ရုတ်တရက်ရှော့ခ်ဖြစ်ပြီး ဦးနှောက်အာရုံကြောထိခိုက်ခြင်း၊ သတိ မလည်ခြင်းများဖြစ်တတ်ပါ၍ ဦးနှောက်နှင့်အနီးဆုံးနေရာဖြစ်သည့် နဖူးမှစ၍ အပူဓာတ်ကို စတင် ထွက်ခွာစေခြင်းပင်ဖြစ်ပါတယ်။ သို့ပါ၍ အမျိုးသမီးများ မီးယပ်ရောဂါအမျိုးမျိုးနှင့် မီးယပ်ဆုံးချိန် တွင် ကျန်းမာ၍သွေးသားသန့်စင်စေရန်၊ ကရမက်စစ်စစ်ကို ဆောင်ထားကာ နေ့စဉ်ဟင်းစားဇွန်း တစ်ဇွန်းခန့် ကရမက်သွေးရည် ပုံမှန်သောက်ပေးသင့်ပါကြောင်း လေ့လာမိသမျှ ပြန်လည်မျှဝေ တင်ပြလိုက်ပါသည်။

DOCA(မန္တလေး)