ဆေးဖက်ဝင်သော စမုံစပါး

  စမုံစပါးကို ပုံမှန်အတိုင်းစားလေ့မရှိသော်လည်း ပဲဟင်းများ၊ အသားဟင်းများချက်သည့် အခါမျိုးတွင် ထည့်သွင်းချက်ပြုတ်လေ့ရှိပါသည်။ စမုံစပါးသည် ဟင်းလျာကိုအနံ့အရသာတိုးစေနိုင် သလို ကျန်းမာရေးအတွက်လည်းအထောက်အကူပေးနိုင်သော အကျိုးအာနိသင်များလည်းရှိပါ သည်။ စမုံစပါးကို အစေ့လေးတွေဟုထင်ရသော်လည်း အမှန်တကယ်မှာ အပင်၏အသီးဖြစ်ပါသည်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြသော ဇီယာ၊ နံနံစေ့တို့နှင့်ဆင်တူပါသည်။ စမုံစပါး၏ အရသာမှာ အနည်းငယ်ခါးသက်ပြီး ပူစပ်စပ်ရှိပါသည်။ ညိုစိမ်းစိမ်းအရောင်ရှိပြီး အနံ့လေးမှာသင်း သင်းလေးနှင့် မွှေးပါသည်။ ဟင်းလျာများကိုအရသာတိုးစေသလို ဆေးဖက်လည်းဝင်သောစမုံ စပါးတွင် ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်နှင့် Essential fatty acids တို့ပါဝင်ပါသည်။ စမုံစပါးစားပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ အစာခြေစနစ်ကိုကျန်းမာစေခြင်း၊ ကူးစက်ရောဂါ များမှကာကွယ်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ ချောင်းဆိုးသက်သာစေခြင်း၊ နှာခေါင်းပိတ်ခြင်းကို သက်သာစေခြင်း၊ သွားကိုက်သက်သာစေခြင်းနှင့် အဆစ်ရောင်ခြင်းကို လျော့ပါးစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။ စမုံစပါးတွင်ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိသော် လည်း တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အများကြီးမစားသင့်ကြောင်း ဆေးပညာစာပေများမှ လေ့လာ သိရှိရပါသည်။

DOCA(မန္တလေး)