ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး
အချို့နေရာဒေသများတွင် ဗုံလုံသီးကို ပဲလင်းမြွေသီးဟုလည်း ခေါ်ဆိုကြသည်။ ဗုံလုံသီးကို ပူနွေးသောရာသီဥတုရှိသော အရပ်တွင် စိုက်ပျိုးမြေများဖြစ်ထွန်း၍ အအေးဓာတ် ရှိသောအရပ်တွင် စိုက်ပျိုး၍မဖြစ်ထွန်းပါ။ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးပင်များသည် မြေသြဇာအသင့် အတင့်ရှိပြီး ရေစီးရေလာကောင်းသော သဲနုန်းမြေ၊ မြေနီသဲဝန်းစသောမြေများတွင် ပိုမိုဖြစ်ထွန်းပါ သည်။ ဗုံလုံသီးသည် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ အေးသောဒဏ်ကိုမခံနိုင်သဖြင့် အေးသောအရပ်တွင် စိုက်ပျိုး၍မဖြစ်ထွန်းပါ။ စိုက်ဘောင်ဖြင့်စိုက်ပျိုးမည်ဆိုပါက အလျား၃၂ပေ၊ အနံ၃ပေ မြေကွက်ကို တူးဆွ၍ မြေသားနှင့်မြေဆွေးများကိုရောပြီး အမြင့်တစ်ပေခန့်ပြုလုပ်ပြီး စိုက်ပျိုးရမည်။ ကျင်းဖြင့် စိုက်ပျိုးမည်ဆိုပါက ကျင်းများကိုတစ်ကျင်းလျှင် ၅ပေခန့်ခွာ၍ တူးရမည်။ ကျင်း၏အနက်၁ပေခွဲ အကျယ်၂ပေခန့်တူးပြီး မြေဆွေးများကိုထည့်ပေး ရပါမည်။ ဓာတ်မြေသြဇာများကို ထည့်ပေးရာတွင် စိုက်မည့်ဘောင်(သို့)ကျင်းတွင်သမအောင် မြေကြီးနှင့်ရောမွှေပေးရမည်။ ဗုံလုံသီးများမှ အစေ့များကို စိုက်ပျိုး၍မျိုးပွားနိုင်သည်။ စိုက်ပျိုးရာတွင် အစေ့ကိုကျင်းတွင်ချ၍ စိုက်ပျိုးနိုင်သည်။ တစ်ကျင်းလျှင် မျိုးစေ့ကို(၃-၄)စေ့ထည့်၍ စိုက်ပျိုးပြီး တစ်ကျင်းနှင့်တစ်ကျင်း (၅)ပေခွာ၍ စိုက်ပျိုးနိုင်သည်။ အပင်ငယ်များနွယ်တက်ရန်အတွက် ဝါးခြမ်းစိုက်ပေးပြီး စင်တင်ပေးရပါသည်။ စိုက်ပြီး(၇-၈)ပတ်ကြာလျှင် ခဲဆွဲပေးရပါသည်။ ဗုံလုံသီးသည် ဖြောင့်ပါက (၅)ပေအထိရှည်လျားနိုင်သည်။
ထို့ကြောင့် စင်တင်စိုက်ပျိုးရန်လိုအပ်ပါသည်။ ဗုံလုံသီးကို မိုးဦးကာလဖြစ်သော မေလနှင့်ဇွန်လများတွင် စိုက်ပျိုးကြပြီး ဆောင်းတွင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင်စိုက်ပျိုးကြသည်။ မိုးတွင်းစိုက်သောဒေသများတွင် မိုးပြတ်သည့်ကာလမှလွဲ၍ ကျန်ရက် များတွင် ရေသွင်းပေးရန်မလိုပါ။ ဆောင်းရာသီတွင် ရေကို(၂-၃)ရက်ခြား တစ်ခါရေလောင်း ပေးရသည်။ အပင်ခြေရင်းများကို(၁၅-၂၀)ရက်တစ်ကြိမ် ပေါင်းလိုက်ပေးရပါသည်။ အသီးဖြောင့်ရန် အတွက် တစ်ပေခန့်အသီးသီးလာပါက ခဲဆွဲပေးရပါမည်။ စိုက်ပျိုးပြီး (၇-၈)ပတ်အကြာတွင် အသီးများကိုစတင်ခူးဆွတ်နိုင်ပါသည်။ အပင်များမနာစေရန် ဓား၊ ကတ်ကြေးတို့ဖြင့် ခူးပေးရပါမည်။ တစ်ဧကအထွက်နှုန်းမှာ အတောင့်(၄၀၀၀၀)မှ(၅၀၀၀၀)ခန့်ထွက်သည်။ ဗုံလုံသီးကို နုနယ်ချိန်တွင် ခူးဆွတ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချကြပါသည်။ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း မင်းလှ မြို့နယ်(မြို့မဈေး)တွင် (၅)တောင့်တစ်စည်းလျှင် ၂၅၀၀ကျပ်၊ တစ်တောင့်လျှင် ၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
- Log in to post comments

















