မာလကာပင်စိုက်ပျိုးထားရှိမှု၊ မာလကာသီး၏ဆေးဖတ်ဝင်မှုနှင့်အကျိုးအမြတ်ရရှိမှုအခြေအနေများ

   မာလကာသီးသည် အပူပိုင်းသီးနှံဖြစ်သည့်အလျောက် အပူပိုင်းသမပိုင်းဒေသများ၌ဖြစ်ထွန်းသော်လည်း  ဆောင်းရာသီ သီးသန့်ရှိသောဒေသများတွင် အသီးအရသာနှင့် အရေအတွက်ပါ ပိုကောင်း သည်ဟုအဆိုရှိပါသည်။ မာလကာပင်သည် အပူဒဏ်နှင့်ရေငန်ဒဏ်ကို ခံနိုင်ရည်ရှိပြီး မြေအမျိုးအစား မရွေး ဖြစ်ထွန်းနိုင်သော်လည်း ၂၀ဒီဂရီဖာရင်ဟိုက်အထိအေးပါက အပင်အပေါ်ပိုင်းများ ခြောက်ကာ သေစေပြီး ရေဝပ်ခြင်းကိုလည်း မနှစ်သက်ကြောင်း သိရှိရသည်။

     မာလကာပင်ကို များသောအားဖြင့် အစေ့မှစိုက်ပျိုးကြသလို ရင်ချင်းအပ်ဆက်နည်းဖြင့် ကိုင်းကို ဆက်၍ လည်းကောင်း၊ မြေထုပ်စည်းခြင်းဖြင့် လည်းကောင်း၊ အကိုင်းကိုဖြတ်၍ ပျိုးအိုးတွင် အမြစ် ပေါက်ခြင်းဖြင့် လည်းကောင်း ပျိုးပင်ကိုရယူ၍ စိုက်ပျိုးနိုင်သည်။ အစေ့ပျိုးပင် (သို့မဟုတ်) မြေထုပ်စည်းစိုက်ပျိုးပင်ကိုတစ်နှစ်သားအရွယ် ရောက်လျှင် မြေချစိုက်ပျိုး၍ စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် (၁၅) ပေအကွာထား၍ ကျင်းအလည် တည့်တည့်တွင် မတ်မတ်ချစိုက်ပျိုးရသည်။ ပျိုးပင်အနက်သည် ပျိုးအိုး  (သို့မဟုတ်) ပလက်စတစ်အိတ်တွင်ရှိစဉ်က အပင်၏ ခါးအနက်အတိုင်း စိုက်ပျိုးသင့်သည်။ စိုက်ပြီးပင်ခြေကို သေခြာစွာဖိပြီး အညွှန့်အသစ်များ လိုက်လာသည် အထိ မိုးမရွာလျှင် နေ့စဉ်ရေလောင်းပေးရသည်။ မာလကာပင်သည် ရေငတ်ခံနိုင်သောအပင်ဖြစ်သော်လည်း ရေကို မကြာမကြာလောင်းပေးသွင်းပေးပါက အသီးပိုသီးပြီး တစ်နှစ်ပက်လုံးသီးနိုင်ပါသည်။

     မာလကာပင်သည် အစေ့မှစိုက်လျှင် (၄)နှစ်မှ (၅)နှစ်အတွင်း အသီးသီးနိုင်ပါသည်။ မြေထုပ်စည်းမျိုးပွားပင် ဆိုလျှင် (၂)နှစ် အတွင်းအသီးသီးပြီး တစ်ပင်သည် တစ်နှစ်လျှင်အသီးအများဆုံး (၂၀၀)မှ (၃၀၀) အထိသီး၍  သက်တမ်း (၁၀)နှစ်မှ (၁၅)နှစ်အတွင်း သာအထွက်ကောင်းပါသည်။ ထို့ကြောင့် ထို သက်တမ်းသို့ရောက်လျှင်ပျိုးပင်အသစ်များဖြင့်လဲလည်၍ စိုက်ပျိုးသင့်ပါသည်။

      မာလကာသီးသည်ကျန်းမာရေးအတွက် ကောင်ကျိုးများစွာရှိသည့်အပြင် ဗီတာမင်C၊ ဗီတာမင်A၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်တို့ပါဝင်ပြီး လေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေခြင်းအပြင် ပဋိဇီဝပိုးမွှားများကိုလည်း သေစေနိုင်ကြောင်း သိရသည်။  မာလကာသီး သည် ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ သန္ဓေရရှိနိုင်ခြေများစေပြီးဝမ်းချုပ်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းစသောအစာချေဖျက်မှုဆိုင်ရာ ပြဿနာ များကိုလည်း သက်သာလျော့ပါးစေပြီး အခွံနှင့် အစေ့မှာရာင်ရမ်းမှုကိုလျော့ကျနိုင်ကြောင်း သိရသည်။

      မာလကာသီးထဲတွင် အစိများအများအပြားပါဝင်သောကြောင့် အစာချေဖျက်နိုင်ခြင်းမရှိသည့် အတွက်ကြောင့် စားလို့မရပဲစွန့်ပစ်ရပြီး  မာလကာစေ့ကိုအသီးနှင့်အတူရောစားပါက အူအတက်ပေါက် ခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် အစေ့ပါစားမည်ဆိုပါကလည်း မာလကာသီးအမှည့်ကို အသီးနှင့် အစေ့ပါ ရောကြိတ်ပြီး ဖျော်ရည်လုပ်သောက်နိုင်ပါသည်။ မာလကာသီး တွင်ပါဝင်သည့် ပိုတက်ဆီယမ်နှင့်ဓါတ်တိုးဆန့်ကျင်သည့် ဓါတ်များသည် သွေးဖိအားကိုကျစေ၍ သွေးတိုးရောဂါကိုလည်း သက်သာစေသည့် ကျန်းမာရေး အကျိုးကျေးဇူးကိုရရှိနိုင်ပါသည်။ မာလကာသီးတွင်ပါဝင်သည့် ပိုတက်ဆီယမ်ဓါတ်သည် ငှက်ပျောသီးတွင်ပါဝင်သည့် ပိုတက်ဆီယမ်ထက် ၆၀ ရာခိုင်နှုန်းပိုများပါသည်။

      မာလကာပင် တစ်ဧကစိုက်ပျိုးရန်အတွက် အပင် (၃၀၀)ခန့်ဝင်ဆံစိုက်ပျိုးနိုင်ပြီး  မာလကာပျိုး ပင်တစ်ပင်လျှင် (၁၅၀၀)ကျပ်ဈေးဖြင့် ပျိုးပင် (၃၀၀)ဝယ်ယူစိုက်ပျိုးရကြောင်း သိရှိရပါသည်။ မာလကာ ပင်စတင်စိုက်ပျိုးချိန်မှ အသီးသီးချိန်သွင်း အားစုမြေဩဇာပျမ်းမျှတစ်နှစ်လျှင် (၅)ပေါင်မှ(၁၅)ပေါင် အထိကျွေးရပြီး မြေဩဇာကျွေးတိုင်း နွားချေး(၂)တောင်းမှ (၅)တောင်းအထိကျွေးရသည်။ မြေဩဇာ ကျွေးရမည့်အချိန်အနေဖြင့် အပွင့်စပွင့်ချိန်တွင်တစ်ကြိမ်၊ မိုးဦးတွင်တစ်ကြိမ် မိုးနှောင်းတွင်တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်ခွဲ၍ကျွေးရပါသည်။ မာလကာပင်စိုက်ပျိုးရန် ကုန်ကျစရိတ်မှာ မာလကာပင် တစ်ဧက စိုက်ပျိုးရန် သွင်းအားစု ၊ လုပ်သားခ အပါအဝင်တစ်ဧကလျှင် စုစုပေါင်းငွေကျပ်သိန်း (၄၀)ခန့်ကုန် ကြကြောင်း သိရှိရပါသည်။ ပျမ်းမျှတစ်နှစ်အတွင်း တစ်ပင်လျှင် အသီး (၃၀၀)ခန့်သီးပြီး အပင် (၃၀၀)အတွက် (၉၀၀၀)ခန့် သီးပြီးမာလကာသီးတစ်လုံးလျှင် ဖောက်သည်ဈေး ပျမ်းမျှ (၃၀၀) ကျပ်ဖြင့် အလုံးရေ (၉၀၀၀)အတွက် (၂၇)သိန်းကျပ်၊ ၁၀နှစ်လျှင် (သိန်း၂၀၀) ကျော်နီးပါးအကျိုးအမြတ် ရရှိကြောင်း  မာလကာစိုက် တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)