မရမ်းပင်စိုက်ပျိုးနည်းနှင့်မရမ်းသီးစျေးကွက်
မရမ်းပင်သည် သားစဉ်မြေးဆက်စိုက်ပျိုးထုတ်လုပ် စီးပွားဖြစ်ထွန်းစေမည့် အပင်တစ်မျိုး ဖြစ်ပါသည်။ မရမ်းသီးတွင် အချို၊ အချဉ် အရသာ(၂)မျိုးရှိပြီး မရမ်းသီးအစိမ်းအတိုင်းကို မရမ်းသီးထောင်း၊ မရမ်းသီးကြော်အဖြစ် စားသောက်တတ်ကြသလို အခြောက်လှမ်း၍ မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုများအဖြစ်အနေဖြင့်လည်း စားသောက်တတ်ကြပါသည်။ ထို့အပြင် မွန်လူမျိုး များဟင်းချက်သည့်အခါတွင်လည်း မရမ်းပြားကိုထည့်၍ချက်စားလေ့ရှိကြောင်း သိရှိရပါသည်။ မရမ်းသီးအမှည့်သည် အရောင်တစ်ဝင်းဝင်းနှင့် မရမ်းသီးရာသီပေါ်ချိန်ဆိုလျှင် စျေးကွက်အတွင်း အရောင်းသွက်လှပါသည်။ ထို့ကြောင့် လူကြိုက်များပြီး ခံတွင်းတွေ့လှသော မရမ်းသီး(မရမ်းပင်) စိုက်ပျိုးနည်းအကြောင်းကိုလည်း ဗဟုသုတအဖြစ် ရေးသားလိုက်ရပါသည်။
၁။ မရမ်းမျိုးများ- မရမ်းသီးကို အရသာအလိုက် အချိုမျိုးနှင့် အချဉ်မျိုးဟူ၍ နှစ်မျိုးခွဲထားပါသည်။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသ်ာရီတိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ရေမြေရာသီဥတုအားဖြင့် မြေစေးဆန်သော နုန်းမြေ၊ ပူအိုက်စိုစွတ်သောရာသီဥတုတို့ကို နှစ်သက်သည်။ သင့်တော်သော မိုးရေချိန်မှာ ၅၀မှ ၁၅၀လက်မ ဖြစ်သည်။
၂။ ပျိုးထောင်နည်း- မရမ်းသီး မျိုးကောင်းကိုရွေးကာ မရမ်းသီးအမှည့်၏အခွံကိုသင်ပစ်ပြီး အသားမဖယ်ဘဲပြာလူးကာ အရိပ်အောက်တွင် သုံးရက်ခန့်ဖြန့်ပြီး ပျိုးထောင်ရပါသည်။ ပျိုးသက်တစ်နှစ်ကျော်မှ စိုက်လေ့ရှိသည်။ စိုင်ကျင်း နှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး ၃၂ x ၃၂ ၊ စိုက်စနစ် တစ်ဧကလျှင် သီးသန့် စိုက်ပါက ၄၅ပင် နှုန်းထားလေ့ရှိသည်။
၃။ မြေသြဇာကျွေးနည်း - ကြီးထွားမှုနှေးသောအပင်မျိုးဖြစ်ကာ အပင်ငယ်တစ်ပင်ကို တစ်နှစ်လျှင် နွားချေးတစ်တင်းနှုန်း၊ အပင်ကြီးလျှင် သုံးတင်းနှုန်း ထည့်ပေးသင့်ပါသည်။ ဝင်ငွေနှင့် တွက်၍ စီးပွားရေးတွက်ခြေကိုက်မည်ဆိုပါက ယူရီးယား၊တီစူပါ၊ပိုတက်ရှ် ၁း ၂း ၁ နှုန်းရောကာ အပင်ပယ်လျှင် တစ်ပေါင်နှုန်း အပင်ကြီးလျှင် နှစ်ပေါင်နှုန်း ထည့်ပေးသင့်ပါသည်။
၄။ အပင်ပြုစုနည်း- ကိုင်းခြောက်ရှင်းပေးခြင်း၊ သုံးနှစ်သားအပင်အထိ ရေသွင်းပေးခြင်း၊လောင်း ရိပ်များရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးရပါသည်။မတ်လနှင့်ဇွန်လတွင် အသီးရင့်မှည့်တက်သဖြင့် စျေးကောင်းရစေရန်နှင့် အသီးစောစောရစေရန် ရေနှင့် မြေသြဇာကျွေးခြင်းကို မိုးပြတ်သောရာသီမှစ၍ ဆောင်ရွက်ပေးရပါမည်။
၅။ အထွက်နှုန်း- စိုက်ပျိုးပြီးခုနစ်နှစ်ကြာလျှင် အသီးစတင်ဆွတ်ခူးနိုင်ပြီး ရရှိနိုင်သောသီးထွက် မှာအပင်ငယ်တစ်ပင်မှ အားလုံးရေ၅၀၀ မှု ၇၀၀၀အထိ၊ အပင်ကြီးတစ်ပင်မှ အလုံး ရေ၂၀၀၀၀ မှ ၃၀၀၀၀ အထိရနိုင်ပါသည်။မရမ်းပင်မျိုးတစ်ပင်လျှင် ၂၀၀၀ကျပ်ဖြင့်တစ်ဧကလျှင်၉၀၀၀၀ကျပ် သာကုန်ကျပါသည်။မရမ်းပင်စိုက်ပျိုးခြင်းသည် အချိန်ကာလအားဖြင့်ကြာမြင့်သော်လည်း အရင်းနဲ ၍အမြတ်များသောကြောင့်မရမ်းပင်များကို စီးပွားဖြစ်စိုက်ပျိုးသင့်ပါသည်။
မရမ်းသီးဈေးကွက်မှာ စတင်ထွက်ရှိချိန်မှာ ဈေးကောင်းရရှိပြီး ဇန်နဝါရီလတွင်မရမ်းသီးစိမ်း (၁)ပိသာလျှင် ၅၀၀၀၀ကျပ်၊ ဖေဖော်ဝါရီလတွင်မရမ်းသီးစိမ်း(၁)ပိသာလျှင် ၃၀၀၀၀ကျပ်၊ မတ်လတွင် မရမ်းသီးစိမ်း(၁)ပိသာလျှင်၂၅၀၀၀ကျပ် မှ ၂၀၀၀၀ကျပ်အထိရှိပြီး ဧပြီလတွင်မရမ်းသီးမှည့်အချဉ်(၁)ပိသာလျှင်၂၀၀၀၀ကျပ်၊ မရမ်းသီးမှည့်အချို (၁)ပိသာလျှင်၂၅၀၀၀ကျပ်ဖြင့်ရောင်းချနေကြောင်း ပဲခူးမြို့ဥသာစျေးကြီးတွင်ရောင်းချနေသောသစ်သီးဆိုင်တစ်ဆိုင်မှ မေးမြန်းသိရှိရပါသည်။
DOCA(ပဲခူး)
- Log in to post comments

















